
စစ်ကိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နေပြည်တော်၊ သာဝတ္ထိမြို့နယ်တွင်းက သာယာအေးကျေးရွာကို အချိန်တလကျော်ကြာတဲ့အထိ စစ်ကောင်စီက ထောက်ပံ့တာမရှိတာကြောင့် ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်နေရပါတယ်။
ငလျင်ကြောင့် သာဝတ္ထိမြို့နယ်အတွင်းက စစ်တောင်းမြစ် ကမ်းနံဘေးက သာယာအေးကျေးရွာမှာ နေအိမ်အဆောက်အအုံ ၃၂ လုံး ထိခိုက်ပျက်စီးပြီး နေအိမ် ၈ လုံးပြိုကျကာ လူ ၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်တောင်းမြစ်ကမ်းအနီး ပြန်လည်ထူထောင်ရေးအတွက် ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်နေပါတယ်။
သာယာအေးကျေးရွာက ဦးပဥ္စင်းတပါးက “ပြန်လည်ထူထောင်ရေးက သူဟာသူ ဆောက်နေရတယ်။ တချို့လည်း ဆောက်နိုင်ပြီ။ တချို့လည်း မဆောက်နိုင်သေးဘူး။ အခုလောလောဆယ် ၁၈ အိမ်လောက်တော့ ဆောက်နေပြီ။ အခက်အခဲကတော့ ဖြစ်တဲ့ အိမ်တွေက ကိုယ်နည်း ကိုယ်ဟန်နဲ့ ဖြေရှင်းပေါ့။ သက်ဆိုင်ရာက ထောက်ပံ့တာတော့ မရှိဘူး။ မရှိဘူးဆိုပေမဲ့ မိုးကာလေးတော့ လာထောက်ပံ့တယ်။ နေပြည်တော်ကောင်စီက”လို့ မိန့်ပါတယ်။
ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေဟာ တလပြည့်မြောက်ခဲ့ပြီဖြစ်လို့ အလှူရှင်တွေ နည်းလာတာကြောင့် ငွေကြေးတတ်နိုင်တဲ့သူတွေအနေနဲ့ အခုလိအချိန်လေးမှာ သွားလှူပေးတာ ကောင်းတယ်လို့ ကိုယ်တိုင်သွားရောက်လှူခဲ့သူတွေက ပြောပါတယ်။
စက်မှုနှင့်အနုပညာရပ်များမှ ကိုဇော်မျိုးဦးက “ပြန်လည်တည်ဆောက်ရေးက ဖျက်ဖို့ ပိုက်ဆံမရှိတာတို့၊ ဖျက်ရင် တန်းလန်းတွေ။ အဓိကကတော့ ငွေသားက အကောင်းဆုံးပေါ့။ လှူမယ့်အလှူရှင်က ငွေပေးလိုက်ရင် သူ့ဘာသာသူ ကြိုက်တာဝယ်လို့ ရသွားပြီ။ တလပြည့်သွားပြီ ဆိုတော့ အလှူရှင်တွေက နည်းသွားပြီ။ သူတို့ကတော့ ရင်ဆိုင်ရဦးမှာပေါ့ အခက်အခဲက။ တကယ်လို့ ငွေရေးကြေးရေးတတ်နိုင်တယ်ဆိုရင်တော့ အခုလို အချိန်လေး သွားလှူပေးတာ ကောင်းပါတယ်” လို့ပြောပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလက ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရာမှာ သာယာအေးကျေးရွာလည်း ပါဝင်ခဲ့ပါတယ်။
ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံတွေရဲ့ စပါး၊ နှံ၊ ပြောင်း၊ ပဲတွေ ပျက်စီးဆုံးရှုံးတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၄၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁၀၀၀ ကျော်၊ ငလျင်ဘေးသင့်သူ ၁၉၀၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ် အဆောက်အအုံ ၅၀၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB က ဧပြီ ၁၆ ရက်နေ့အထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
အောင်ခန့်