ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဆေးကုသရေးအဖွဲ့ဟာ ငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေးတိုင်း ကျောက်ဆည်မြို့ကို သွားရောက်ပြီး ရွေ့လျားဆေးခန်း ဖွင့်လှစ်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက သတင်းထုတ်ပြန်ပါတယ်။
ထိုင်းဆေးကုသရေးအဖွဲ့ဟာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မက်သဒစ် ခရစ်ယာန်ဘုရားကျောင်းမှာလည်း ရွေ့လျားဆေးပေးခန်း ဖွင့်လှစ်ပြီး အခြေခံဆေးဝါးကုသပေးခဲ့တာမှာ ဒေသခံ မြန်မာပြည်သူ ၁၅၇ ယောက် လာရောက်ကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှဆရာဝန် အဖွဲ့ဝင် ၃၈ ယောက်နဲ့ ထိုင်းတပ်မတော်မှ ၂၅ ယောက်၊ စုစုပေါင်း ၆၃ ယောက်ဟာ မန္တလေးမှာ လာရောက်ပြီး ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီပေးနေတာပါ။
ထိုင်းတပ်မတော် အင်ဂျင်နီယာအဖွဲ့ တဖွဲ့ကတော့ မန္တလေးမြို့ အမှတ် ၂၇ အခြေခံပညာအထက်တန်းကျောင်းမှာ မျက်နှာကြက် ပြင်တပ်ဆင်ပေးတာ၊ နံရံပြင်ဆင် ဆေးသုတ်ပေးတာတွေ လုပ်ဆောင်ခဲ့သလို နောက်တဖွဲ့ကတော့ ပြည်ကြီးတံခွန်မြို့နယ် စည်ပင်ဈေးဝင်းအတွင်း ယာယီတဲအတွက် အမိုးအကာ တပ်ဆင်ပေးနေတယ်လို့ ထိုင်းသံရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။