
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဧရာဝတီမြေနုကျွန်းပေါ်က ကျေးရွာတွေမှာ မြေအက်ကွဲကြောင်းတွေ ကြီးတဲ့အတွက် ငလျင်လှုပ်ခတ်တာ တလ ာ်လာချိန်ထိ နေအိမ်တွေ ပြန်မဆောက်နိုင်ကြသေးသလို မိုးတွင်းကာလမှာ လေပြင်းတိုက်ပြီး နှစ်စဉ် မြစ်ရေဝင်တာကြောင့် အကူအညီတွေ လိုအပ်နေကြပါတယ်။
ပုသိမ်ကြီးမြို့နယ်ထဲက ဧရာဝတီမြေနုကျွန်းပေါ်ဒေသဟာ ငလျင်ဗဟိုချက်နဲ့ နီးတဲ့အတွက် မြေအက်ကွဲကြောင်းကြီးတွေ ဖြစ်ပေါ်နေတဲ့အပြင် မိုးရာသီတိုင်း မြစ်ရေဝင်လေ့ရှိတာကြောင့် အကူအညီတွေ လိုအပ်နေတာပါ။
မန္တလေးနဲ့ စစ်ကိုင်းမြို့အကြား ဧရာဝတီမြစ်အလယ်မှာရှိတဲ့ အဲဒီမြေနုကျွန်းဒေသမှာ ဓမ္မကျ၊ ဘိုးလှကုန်း၊ ညောင်ပင်သာ၊ သံဘိုကျွန်း၊ ဟင်းရွက်စု၊ ဂျိုင့်ကြီးနဲ့ ကျွန်းဆင်ဆိုပြီး ၇ ရွာတည်ရှိပါတယ်။
ငလျင်ကြောင့် ရွာတိုင်းလိုလို အနည်းနဲ့အများ ထိခိုက်ခဲ့ပေမဲ့ သံဘိုကျွန်းနဲ့ ဟင်းရွက်စုရွာ အရှေ့ပိုင်းမှာရှိကြတဲ့ လူနေအိမ်တွေကြားထဲမှာ မြေအက်ကွဲကြောင်းကြီး ဖြစ်ပေါ်နေလို့ နေအိမ်ပြန်ဆောက်မရဘဲ ဒေသခံတွေ အခက်တွေ့နေကြတာပါ။
သံဘိုကျွန်းရွာသူ မယဉ်မြက “အက်ကြောင်းကြီးတွေကလေ အနက်ကြီးတွေကလေ၊ တချို့နေရာတွေမှာဆို ပေ ၂၀ လောက်ရှိတယ်။ အကျယ်ကြီးတွေကဆို ဝင်းတဝင်းစာဆို ပေ ၃၀ ၊ ၃၅ အဲဒီလို အက်ကြောင်းကြီးတွေ၊ အဲဒီလိုမျိုး ဖြစ်တာ။ ဟိုလိုမျိုး ကျဉ်းကျဉ်းလေး လူတခုန်စာမဟုတ်ဘူး။ လောလောဆယ် အိမ်ဆောက်ဖို့က စာရင်းထဲကို ထည့်လို့မရသေးဘူး။ လုပ်ပေးရင်တော့ ကောင်းတာပေါ့ အစ်ကိုရယ်၊ လူကြီးတွေကနော့။ ဘာလို့တုံးဆိုတော့ ဒီ လေ၊ မိုးလာရင် တအား ဒုက္ခရောက်တယ်လေ ဒီဘက်တွေကလေ။ ဝါဆို ဝါခေါင် ရေလာတော့မယ် ရေကြီးတော့မယ်ဆိုရင် ပိုဆိုးတော့မှာလေ”လို့ ပြောပါတယ်။
သံဘိုကျွန်းရွာမှာက နေအိမ် ၄၀ နီးပါးပြိုကျကာ အများဆုံးပျက်ဆီးခဲ့ပြီး ဟင်းရွက်စုရွာကတော့ နေအိမ် ၂၀ ဝန်းကျင် ထိခိုက်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ငလျင်ဒဏ်ကြောင့် သောက်ရေတွင်းတွေ ရေမထွက်တော့ဘဲ လျှပ်စစ်မီးလည်း မရသေးတာကြောင့် သောက်သုံးရေ ခက်ခဲနေကြပါတယ်။ တဖက်မှာလည်း နေအိမ်ပျက်ဆီးသူတွေက မိုးလေမလုံတဲ့ ယာယီမြေစိုက်တဲတွေနဲ့ နေထိုင်ကြပါတယ်။
ဒါပေမဲ့ မိုးကျလာရင်လေတိုက်နှုန်းပြင်းထန်တက်သလို နှစ်စဉ်နှစ်တိုင်း မြစ်ရေဝင်တဲ့ ဒေသဖြစ်တာကြောင့် အဲဒီအက်ကွဲကြောင်းတွေကို မြေနဲ့ သဲတွေဖို့ပြီး အိမ်ပြန်ဆောက်နိုင်ဖို့ ဒေသခံတွေက ဆန္ဒရှိနေကြပါတယ်။
ကူညီနေသူတယောက်ဖြစ်တဲ့ ဦးကျော်ဆန်းက “သူတို့တို့အဲဒီအတွက် ပြိုတဲ့သူတွေအဲဒီအတွက် သူတို့ဦးနှောက် ခြောက်နေကြတာပေါ့။ မကြာခင် ရေဝင်တော့မှာကို။ ရေရှည်ထူထောင်ဖို့ဆိုတာ ဒီဟာကြီးက အခုဥစ္စာက အဆင်ပြေသလိုပဲလုပ်နေကြတာဗျ။ တချို့တွေဆို အိမ်ဝိုင်းကြီးက အလယ်ခေါင်ခြမ်းသွားတာ။ ဟိုဘက်ဆောက်မရ၊ ဒီဘက် အဲလိုကြီး ဒါက။ ရေဝင်သွားရင်တော့ အဲနေရာကိုပေါ့ဗျာ။ ဘောက်တူတွေဘာတွေ၊ သဲတွေဘာတွေနဲ့ အဲဒီမြောင်းကြီးကိုဖို့ပြီးမှ တော်တော်တော့လုပ်ကြရဦးမှာပါ။ တော်တော်လုံးပန်းကြရဦးမှာ ပုံမှန်ပြန်ရောက်ဖို့ကတော့ ”လို့ ပြောပါတယ်။
အခုအခြေအနေကြောင့် သံဘိုကျွန်းရွာမှာ ပြန်လည်ထူထောင်ရေးပြီးဆုံးဖို့ဆိုတာ နှစ်နဲ့ချီ ကြာနိုင်တယ်လို့လည်း ဒေသခံတွေကခန့်မှန်းကြပါတယ်။
ငလျင်လှုပ်ပြီးတလကျော်လာတဲ့အထိ အဲဒီအက်ကွဲကြောင်းတွေကို မြေဖို့ပြီးနေအိမ်ပြန်ဆောက်ဖို့ သင့်၊ မသင့်နဲ့ ပတ်သက်လို့ ပညာရှင်တွေ လာရောက်တာမရှိသေးသလို အစိုးရတာဝန်ယူ ထားတဲ့သူတွေဆီက ကူညီထောက်ပံ့မှုရတာလည်းမရှိသေးဘူးလို့ ဟင်းရွက်စုရွာခံတယောက်က ပြောပါတယ်။
ဒါပေမဲ့ အခုချိန်မှာ မိုးလည်းကျတော့မှာဖြစ်လို့ ဒေသခံတွေကတော့ နေအိမ်တွေပြန်ဆောက်ဖို့အတွက် ကျွံကျနေတဲ့ မြေအက်ကွဲကြောင်းတွေကို သဲဖြည့်ဖို့ စီစဉ်နေပြီး ငွေကြေး၊ စက်ယန္တရားနဲ့ နည်းပညာအကူအညီတွေ လိုအပ်နေကြောင်း ပြောပါတယ်။
စိုးသူအောင်