
မြန်မာနိုင်ငံ အလယ်ပိုင်းကို ထိခိုက်မှု ပြင်းထန်ခဲ့တဲ့ ငလျင်ဘေးကြီးသင့်ခဲ့တာ ၁ လပြည့်ခဲ့ပြီ ဖြစ်ကာ အခက်အခဲတွေနဲ့ ရုန်းကန်နေရသူတွေနဲ့အတူ တသားတည်း ရပ်တည်ကူညီကြဖို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးက ရန်ပုံငွေတွေ ထပ်မံ ဖြည့်ဆည်းပေးဖို့၊ အကူအညီလိုအပ်နေတဲ့ ဒေသခံတွေဆီ စဉ်ဆက်မပြတ် သွားရောက် အကူအညီပေးနိုင်ဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။
အင်အားပြင်းငလျင် လှုပ်ခတ်ပြီး ၁ လအကြာ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ ဆိုးရွားတဲ့ သက်ရောက်မှုတွေကို ရင်ဆိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်တယ်လို့ UNOCHA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီအပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှု မှေးမှိန်သွားပေမဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ အသိုက်အဝန်းတွေအတွက် ရှေ့တန်းကူညီကယ်ဆယ်ရေးလုပ်သားတွေက ဆက်လက် ကူညီပေးနေကြဆဲ ဖြစ်ကာ အများစုအတွက် အရေးပေါ်အခြေအနေတွေကတော့ ပြီးမြောက်ဖို့ ဝေးနေသေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ငလျင်လှုပ်ပြီးကတည်းက အနည်းဆုံး လူပေါင်း ၆ သိန်းလောက်ကို ဘေးကင်းတဲ့ ရေ၊ မိလ္လာနဲ့ တကိုယ်ရေ သန့်ရှင်းရေးနဲ့ သူတို့ အသက်ရှင် ရပ်တည်မှုအတွက် အရေးပါတဲ့ ပံ့ပိုးမှုတွေ ပေးခဲ့ပြီးဖြစ်သလို လူပေါင်း ၅ သိန်းနီးပါး စားနပ်ရိက္ခာအကူအညီကို လက်ခံရရှိခဲ့ပြီး အနည်းဆုံး လူဦးရေ ၁၁၇,၀၀၀ က အရေးပေါ် အမိုးအကာနဲ့ အစားအစာမဟုတ်တဲ့ ပစ္စည်းအကူအညီတွေ ရရှိခဲ့ကြပြီးဖြစ်တယ်လို့လည်း UNOCHA က ဆိုပါတယ်။
ဒါပေမဲ့ ဒါက မလုံလောက်သေးသလို ငလျင်လှုပ်ခတ်မှုဒဏ်ခံရဆုံး ဒေသတွေက လူပေါင်း ၆ ဒသမ ၃ သန်းကျော်က အရေးပေါ်အကူအညီတွေ လိုအပ်နေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တခြားသော အကျပ်အတည်းကြောင့် ထိခိုက်ခံစားရသူတွေဆီ အရောက်လှမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့ပါတယ်။
ငလျင်လှုပ်ပြီး ၁ လ ကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေ မရဘဲ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။
Source: UNOCHA Myanmar