
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းတွေခွဲပြီး စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ရွာ ၁၂ ရွာက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်ထဲ စစ်ကြောင်းတွေခွဲပြီး စစ်ကြောင်းထိုးနေတာကြောင့် KIA၊ KPDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတာကြောင့် ရွာ ၁၂ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “မော်မောင်းလျန်၊ ဗလခ၊ တောင်ပြို၊ မော်ဝမ်းကလေး၊ မော်ဝမ်းကြီး၊ စပျစ်ခူးကွက်သစ်၊ မျောက်ဖြူ၊ ရှရော်ခ၊ အင်မားယန်၊ ကုလားမှော်၊ မော်မောင်းဘွမ်နဲ့ အမှိုက်ပုံ(ဆွတ်ဘွမ်) ကျေးရွာက ဒေသခံတွေ တိမ်းရှောင်နေကြတယ်။ ရွာတချို့က စစ်ကြောင်းဝင်လာလို့ ပြေးတယ်။ ရွာတချို့ကတော့ လက်နက်ကြီးတွေကျလို့ ပြေးရတယ်။ စစ်ရှောင်တွေ အများစုက အကူအညီတွေ လိုအပ်နေကြတယ်။ တချို့ဆို စစ်ကြောင်းဝင်လာလို့ ဘာမှတောင် မယူနိုင်ဘူး။ အိမ်တံခါးတောင် မပိတ်နိုင်ခဲ့ကြဘူး။ ခြေလျင်နဲ့ ပြေးတဲ့သူတွေက ပြေးပေါ့” လို့ ပြောပါတယ်။
ဇွန် ၃၀ ရက်လောက်ကစပြီး တိုက်ပွဲတွေ ပြန်ငြိမ်သွားခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်နေတာကြောင့် လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲမှုတွေလည်း ရှိခဲ့ပါတယ်။
ဖားကန့်မြို့နယ်ထဲမှာ ၅ ရက်ခန့် တိုက်ပွဲငြိမ်သက်နေခဲ့ပြီးနောက် ဇူလိုင် ၄ ရက်ကစပြီး စစ်ကောင်စီတပ်တွေဟာ ဖားကန့်တပ်မကုန်းကနေ စစ်ကြောင်းခွဲပြီး ဖားကန့်ကျောက်ဝိုင်း၊ အေးမြသာယာ၊ ကုလားဂျောင်တို့က တဆင့် စစ်ကြောင်းထိုးလာတာကြောင့် အေးမြသာယာနဲ့ မော်မောင်းလျန်ဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတယောက်က “၈ ရက်နေ့က မနက်ကတည်းကနေ တနေကုန် တိုက်ပွဲပြင်းထန်နေတယ်။ ဖားကန့်တပ်မကုန်းဘက်ကလည်း လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ကူနေတာ။ တိုက်ပွဲကတော့ မော်မောင်းလျန်နား တိုက်ပွဲပြင်းထန်တာ။ အခု စကစ က မှော်စီစာဘုရားကုန်းမှာလည်း တပ်စွဲထားတယ်။ နောက် အမှိုက်ပုံနဲ့ မော်မောင်းလျန် တို့မှာ ရှိနေတယ်။ အမှိုက်ပုံမှာက ဝိုင်းပိတ်ဆို့ တိုက်ခိုက်လို့ ရှေ့ဆက်တက်မရဘဲ အဲမှာပဲ လူနေအိမ်တွေမှာ တပ်စွဲထားတယ်။ မော်မောင်းလျန်ဘက်ကတော့ ၈ ရက်နေ့က တနေကုန် တိုက်ပွဲဖြစ်တယ်။ ညတုန်းကလည်း လက်နက်ကြီးပစ်သံတွေ တောက်လျှောက်ကြားနေရတယ်။ အခု ၉ ရက်နေ့ မနက်ပိုင်းတော့ ငြိမ်နေကြတယ်” လို့ ပြောပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မေလအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ လမောင်ကုန်းနဲ့ မော်မောဘွမ့် စတဲ့ စစ်ရေးအတွက် ဗျူဟာမြောက် တောင်ကုန်းနေရာတွေကို ပြန်ရဖို့ ဇွန်လကုန်ပိုင်းကနေ ထပ်မံကြိုးစားလာတာ ဖြစ်ပါတယ်။
ဒါကြောင့် လုံးခင်းနဲ့ မှော်ဆီစာ ကျေးရွာတွေမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကြောင်းတွေက ဇွန် ၁၅ ရက် နောက်ပိုင်း မှော်ဝမ်းကြီး၊ မှော်ကလေး စတဲ့ကျေးရွာတွေကို စစ်ကြောင်းတခု၊ မှော်ဆီစာ ကျေးရွာကနေ အင်းမိုင်းယန်ဘက်ကို ဦးတည်ပြီး နောက်ထပ် စစ်ကြောင်းတခု တက်နိုင်ဖို့ ကြိုးပမ်းနေကြတာပါ။
မှော်ဆီစာကနေ အင်းမိုင်းယန်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ တပ်ဖွဲ့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်တက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်ထားတာကြောင့် စစ်ကြောင်းက ဆက်တက်လို့မရဘဲ မှော်ဆီစာကျေးရွာနဲ့ အမှိုက်ပုံကျေးရွာ(ဆွတ်ဘွမ်)ရှိ လူနေအိမ်တွေမှာ တပ်စွဲထားတယ်လို့ KIA သတင်းရင်းမြစ်ဆီက သိရပါတယ်။
စစ်ကောင်စီတပ်တွေ ဖားကန့်မြို့ကို ရောက်ရှိနေတာ တလကျော် ကြာမြင့်လာပြီဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်း လုံးခင်းကျေးရွာထဲ စတင်ဝင်ရောက်လာကတည်းကနေ အခုအချိန်ထိ အရပ်သားပြည်သူ ၄၅ ယောက်အထိ သေဆုံးခဲ့ကာ အများစုကတော့ စစ်ကောင်စီ စစ်ကြောင်းထိုးနေချိန် ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဟန်န