
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာက ဖုန်းအရောင်းဆိုင်တခု ဖောက်ထွင်းခံရပြီး ဖုန်းတွေ ခိုးယူခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ ဖောက်ထွင်းခိုးယူခံရတဲ့ ဖုန်းဆိုင်မှာ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်းရှိ Uni one mobile ဖုန်းဆိုင်ဖြစ်ပြီး ညအချိန် ဆိုင်ရဲ့တံခါးအောက်ဘက်ကနေ ဖောက်ဝင်ပြီး ကောင်တာအတွင်းမှာ ထားရှိတဲ့ ဖုန်း ၁၄ လုံးကို ခိုးယူသွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ ဒေသခံက “ဖောက်ထွင်းခိုးယူခံရတဲ့ ဖုန်းဆိုင်မှာ ခိုးယူခံရချိန် အစောင့်တွေမရှိဘူးလို့ သိရပါတယ်။ ငွေတော့ ပါသွားတယ်လို့ မကြားမိဘူး။ ပုံမှန်ဆို လူစောင့်အိပ်တဲ့ဆိုင်ပါ။ ညကပဲ မရှိတာဆို အခိုးခံရတာပဲ” လို့ ပြောပါတယ်။
အဲဒီဖုန်းဆိုင်ကနေ Mi အမျိုးအစား ဖုန်း ၈ လုံး၊ oppo အမျိုးအစား ဖုန်း ၃ လုံး၊ vivo အမျိုးအစား ဖုန်း ၁ လုံး၊ poco အမျိုးအစား ဖုန်း ၁ လုံးနဲ့ Lenovo tablet ၁ လုံးတို့ကို ပါသွားတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်က သက်ဆိုင်ရာ တာဝန်ရှိသူတယောက်က “ဆိုင်မှာ အစောင့်မရှိတဲ့ညမှ ခိုးခံရတာဆိုတော့ အတွင်းကျကျလူ ခိုးယူတာလို့ သုံးသပ်တာပေါ့နော်။ အမှန်ကျူးလွန်သူကို ဖမ်းဆီးရမိဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရပ်ကွက် တာဝန်ရှိသူတွေ စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် မကြာခဏ ဖောက်ထွင်းခိုးယူမှု၊ လုယက်မှု၊ ဓားပြမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇွန် ၂၆ ရက်ကလည်း လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာရပ်ကွက်မှာ နေအိမ်တလုံးကို အမည်မသိ သေနတ်သမားတွေက ဓားပြတိုက်ပြီး ငွေကျပ် သိန်း ၁၀၀ ကျော် ယူဆောင်သွားတဲ့အမှု ဖြစ်ပွားခဲ့ပါတယ်။