
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နောင်ချိုမြို့နယ်ထဲက ကျောက်ကြမ်း၊ ရေမောင်တန်း၊ အောင်ချမ်းသာ၊ မျက်ချီးနုနဲ့ နောင်လင် ကျေးရွာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲတာကြောင့် ဒေသခံတချို့ ဒဏ်ရာရရှိတာ၊ နေအိမ်ပျက်စီးနေတယ်လို့ ဆိုပါတယ်။
နောင်ချိုဒေသခံတယောက်က “လက်နက်ကြီးကျလို့ နေအိမ်တွေပျက်တယ်။ လူတွေလည်း ထိခိုက်တာရှိနေတော့ ဒေသခံတွေလည်း ကျောက်မဲဘက်ကို ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။
ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု၊ တောင်ခြေကျေးရွာကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာနဲ့ ကျန်းမာရေးတွေ ကူညီပေးနေတယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်ကလေးတွေ ပညာသင်ကြားနိုင်ဖို့နဲ့ စစ်ဘေးရှောင်တွေ ကျန်းမာရေးကို ပြုစုစောင့်ရှောက်ပေးနိုင်ဖို့ SSPP ကျန်းမာရေးဌာနနဲ့ ပညာရေးဌာနတို့က ကူညီပေးသွားမယ်လို့လည်း ဆိုပါတယ်။
နောင်ချိုဒေသခံတယောက်ကလည်း “နောင်ချိုနားတော့ အတော်ကပ်လာနေပြီ။ နမ့်ဆောင်ဟူးနားရယ်၊ ရွှေပြည်ညွှန့်ရွာနားရယ်၊ ကျောက်ကြမ်းနားရယ်ထိကို ကပ်လာနေပြီ။ ရေမောင်းတန်းနဲ့ ကျောက်ကြမ်းတော့ တဆက်တည်းပဲ။ ကျောက်ကြမ်းပြီးရင် မြို့နဲ့ သိပ်မဝေးတော့ဘူး။ ၄ မိုင်လောက်ပဲဝေးတယ်။ ရွှေပြည်ညွှန့်နဲ့ မျက်ချီးနုနဲ့ကလည်း ၄ မိုင်လောက်ပဲ ဝေးတော့တယ်” လို့ ပြောပါတယ်။
TNLA နဲ့ စစ်ကောင်စီတို့ကို ပြီးခဲ့တဲ့တပတ်က တရုတ်ဘက်က သီးသန့်စီ ခေါ်ယူတွေ့ဆုံပြီး နှစ်ဖက်အပစ်ရပ်ဖို့ ပြောဆိုတယ်လို့လည်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇူလိုင် ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
ဒါပေမဲ့ နောင်ချိုမြို့ကို လက်မလွှတ်ရရေး ဆက်ပြီး ခုခံကာကွယ်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်အင်အားထောင်ချီနဲ့ ၅ လနီးပါးကြာ ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ တိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၆၀၆ ဒုံးတပ်ရင်း၊ ခမရ ၁၁၄၊ ခမရ ၁၁၅ တို့ကို TNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး နောင်ချိုမြို့ကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။