
ဩဂုတ် ၁ ရက်ကစပြီး ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ဇူလိုင် ၇ ရက်က ပြောပါတယ်။
တောင်ကိုရီးယားသမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်ဆီ ပေးပို့တဲ့ သူ့စာထဲမှာ သွင်းကုန်ခွန်အသစ်ဟာ တခြားကဏ္ဍအလိုက် အခွန်စည်းကြပ်မှုအားလုံးနဲ့ သီးခြားဖြစ်တယ်လို့ ထရမ့်ပ် Truth Social လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
“ကုန်သွယ်ရေး လိုငွေပြမှု ကွာဟချက်ကို ဖယ်ရှားဖို့ ၂၅ ရာခိုင်နှုန်းဆိုတာ လိုအပ်တာထက် ပိုနည်းတယ် ဆိုတာ နားလည်ပါ" လို့လဲ ထရမ့်ပ်က ပြောပါတယ်။
တကယ်လို့ တောင်ကိုရီးယားနဲ့ ဂျပန်တို့က အမေရိကန်ရဲ့ စည်းကြပ်ခွန်ကို တုံ့ပြန်ရင် အမေရိကန်က တူညီတဲ့ ပမာဏနဲ့ အခွန်တိုးမြှင့်မယ်လို့လည်း ထရမ့်ပ်က သတိပေးခဲ့ပါတယ်။
ထရမ့်ပ်ဟာ တနင်္လာနေ့မှာ နိုင်ငံပေါင်း ၁ ဒါဇင်လောက်ဆီ စာတွေပို့မယ်လို့ အရင်က ရည်ညွှန်းပြောဆို ဖူးပါတယ်။
"အပြန်အလှန်အခွန်စည်းကြပ်မှု" ကို ဇူလိုင် ၉ ရက်ကနေ သြဂုတ် ၁ ရက်အထိ ရပ်ဆိုင်းထားဖို့ ထရမ့်ပ်က စီမံခန့်ခွဲရေး အမိန့်ကို ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲအတွင်း အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လီဗစ်က တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ပြောပါတယ်။
နောက်ထပ်နိုင်ငံ ၁၂ နိုင်ငံက အလားတူသတိပေးချက်တွေကို လက်ခံရရှိမှာဖြစ်ပြီး ထရမ့်ပ်ရဲ့ Truth Social platform မှာလည်း တင်ထားမယ်လို့ ဆိုပါတယ်။
ခုလို ကြေညာအပြီးမှာ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ရှယ်ယာတွေ စျေးတက်သွားပြီး အမေရိကန် ကတော့ ထူးထူးခြားခြား ရှယ်ယာတွေ စျေးကျခဲ့ပါတယ်။
Source:Reuters