
မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ ဂါနာချို အပါအဝင် ကစားသမား ၅ ယောက်ကို လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ပင်ကန့်သတ်ထားတယ်လို့ သိရပါတယ်။
မန်ယူအသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေး အစီအစဉ်တွေကို လာမယ့် ဇူလိုင် ၇ ရက် တနင်္လာနေ့မှာ စတင်မှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ အန်တိုနီ၊ ဂါနာချိုနဲ့ မလာစီယာတို့ ၅ ယောက်ကို လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ပင်ထားတာပါ။
အဆိုပါ ကစားသမား ၅ ယောက်ကို မန်ယူအသင်းက ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ကစားသမားတွေကိုလည်း အသင်းသစ် ရှာဖွေခိုင်းထားတယ်လို့ သိရပါတယ်။
အသင်းသစ်ရှာမရတဲ့ ကစားသမားတွေကိုတော့ ဇူလိုင်လ အကုန်လောက်မှာ အသင်းနဲ့ပြန်လည် လေ့ကျင့်ခန်းဆင်းခွင့်ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ကို ကစားသမားသစ် ကူညာကို ဝတ်ဆင်ခွင့်ပေးလိုက်တာကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းပြောင်းရွှေ့ရဖို့ သေချာသလောက် ဖြစ်သွားပါတယ်။