
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက အုတ်ဖိုကျေးရွာနဲ့ ခေါ်သန္တီရွာက ဒေသခံ ၂၀ ကျော်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထန်းကုန်းရွာအတွင်းမှာ ဖမ်းဆီးထားပြီး အသက်အရွယ်ကြီးသူတချို့နဲ့ အမျိုးသား၊ အမျိုးသမီး အရွယ်စုံပါဝင်တယ်လို့ ဆိုပါတယ်။
အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထန်းကုန်းရွာမှာ တပ်စွဲနေထိုင်နေပြီး တရွာဝင်တရွာထွက် စစ်ကြောင်းထိုးနေတာလို့ အမည်မဖော်လိုတဲ့ ကန့်ဘလူဒေသခံ တယောက်က ပြောပါတယ်။
“စစ်ကြောင်းက ဖမ်းခေါ်သွားတာ အခုထိ သတင်းအစအနကို မကြားရသေးဘူး။ အခုထိ ထန်းကုန်းရွာမှာပဲ ရှိသေးတယ်။ ပြန်လည်း မထွက်သေးဘူး။ သူတို့ စစ်ကြောင်း ပြန်ထွက်မယ့် အချိန်ကိုပဲ စောင့်ကြည့်ရမယ်။ အုတ်ဖိုတို့ ခေါ်သန္တီတို့ဆိုတာ ထန်းကုန်းနဲ့က ၂ မိုင်ကျော်လောက်ပဲ ဝေးတာဆိုတော့ စစ်ကြောင်းဝင်ချိန် ရှောင်ချိန်မရလိုက်တဲ့သူတွေ ပါသွားတာ။”
ဖမ်းဆီးခံထားရသူတွေရဲ့ အသေးစိတ်အခြေအနေကို သိရဖို့ DVB က မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းမှာ လတ်တလော တိုက်ပွဲဖြစ်ပွားနေတာ မရှိပေမဲ့ စစ်ကောင်စီတပ်က ရွာစဉ်လှည့်လည် စစ်ကြောင်းထိုးကာ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်နေတာလို့ ချပ်သင်းတိုက်နယ်အတွင်းမှာ နေထိုင်တဲ့ ဒေသခံတယောက်က ဆက်ပြောပါတယ်။
“တိုက်ပွဲတွေတော့ အရင်လို ခပ်စိတ်စိတ် မဟုတ်တော့ဘူး။ သူတို့က မထင်ရင်မထင်သလို စစ်ကြောင်းထိုးနေတာ။ ရွာတွေကို ဝင်မွှေတယ်။ ပြီးရင် ရွှေ ငွေ ဆိုင်ကယ် ယူတယ်။ တွေ့သမျှ ဖျက်ဆီးတယ်။ တွေ့သမျှလူ ဖမ်းတယ်။ အဲဒါကြောင့် တိုက်ပွဲမရှိပေမဲ့လည်း စစ်ကြောင်းကို နားစွင့်နေရတယ်။ လာတယ်လို့ ကြားတာနဲ့ အထုပ်ဆွဲပြီး ခြေဦးတည့်ရာ ပြေးရတာပဲ။”
ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ အမျိုးသား ၉ ယောက်ကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းက လူပေါင်း ၂၉,၃၅၃ ယောက် ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။