
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ဇွန် ၂၉ ရက်မှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောပါတယ်။
ဇွန် ၂၉ ရက် တရက်တည်းမှာပဲ ကျောက်မဲမြို့ပေါ် ၁ ရပ်ကွက်က ကမ္ဘောဇရှမ်းကျောင်းအနီးနဲ့ အမှတ် ၇ ရပ်ကွက်၊ မြောက်ကုန်းရပ်ကွက်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁ ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ ၅ ယောက်နဲ့ မြောက်ကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ ၂ ယောက်တို့ ဒဏ်ရာရခဲ့တယ်လို့ ကျောက်မဲဒေသခံတယောက်က ပြောပါတယ်။
“မနေ့ နေ့လယ် ၂ နာရီကနေ ၈ နာရီ ၅၅ မိနစ်အထိကို ဗုံး ၄ ကြိမ် လာကြဲတယ်။ အလုံးရေကတော့ ခန့်မှန်း ၂၀ လောက်ရှိမယ်။ ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးပါတယ်။ အမျိုးသမီးတဦးကတော့ စိုးရိမ်ရလို့ မန္တလေးဆေးရုံကို ပို့ဖို့ ကြိုးစားနေကြတယ်။”
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေကို အသေးစိတ်သိရဖို့ TNLA ပြောခွင့်ရသူ လွေးယေဦးကို DVB က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ကျောက်မဲမြို့ပေါ်မှာ လတ်တလော တိုက်ပွဲဖြစ်ပွားနေတာ မရှိဘဲ စစ်ကောင်စီတပ်က အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်တွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်ကလည်း ကျောက်မဲမြို့ပေါ်ကို လေကြောင်းကနေ စစ်ကောင်စီ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးကာ အမျိုးသား ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။