စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲကို ဇွန် ၂၃ ရက်ကနေ ၂၆ ရက်အထိ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၄ ရက်အတွင်း လူနေအိမ်ရာချီပြီး မီးရှို့ဖျက်ဆီးခဲ့ကြသလို အပြစ်မဲ့ ပြည်သူ ၁၁ ယောက်ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကန့်ဘလူ ၆၀၀၆ တပ်က စစ်သားတွေနဲ့ ပျူစောထီး အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းက ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်ထဲက ကျေးရွာတွေကို ဝင်ပြီး ဖျက်ဆီးတာ ၄ ရက်ကြာခဲ့ပါတယ်။ အဓိကဖျက်ဆီးခံရတဲ့ ရွာတွေက ဖိုလ်ကုန်း၊ သပြေသာနဲ့ ကျောင်းကုန်းရွာတွေပါ။ စစ်ကြောင်းထွက်သွားလို့ ရွာတွေထဲကို ဝင်ရှင်းကြတဲ့အခါမှာ အိမ်ခြေရာချီပြီး မီးလောင် ပျက်စီးပါတယ်။ ညှဉ်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ အသတ်ခံထားရတဲ့ အလောင်း ၁၁ လောင်း တွေ့ထားတယ်။ အဲဒီထဲမှာ ဆွံ့အပြီး စကားမပြောတတ်တဲ့သူ တယောက်ပါတယ်။ တချို့အလောင်းတွေဆို မီးရှို့ခံထားရတယ်။ အရှင်လတ်လတ် မီးရှို့အသတ်ခံရတာလည်း ဖြစ်နိုင်တယ်။ အမျိုးသမီးတချို့ကို လိင်ပိုင်းဆိုင်ရာတွေအထိ ထိပါးစော်ကားခဲ့တာတွေ ရှိခဲ့တယ်လို့တော့ သတင်းကြားထားတယ်။ အဲဒီကိစ္စကိုတော့ သေချာအောင် စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံကြရသူတွေဟာ သပြေသာကျေးရွာက အမျိုးသား ၅ ယောက်၊ ကျောင်းကုန်းကျေးရွာက အမျိုးသား ၃ ယောက်၊ ဖိုလ်ကုန်းကျေးရွာက အမျိုးသားတယောက်၊ မင်းဘာကျေးရွာက အမျိုးသားတယောက်တို့အပြင် ကျေးရွာလိပ်စာ စုံစမ်းနေဆဲဖြစ်တဲ့ အမျိုးသားတယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ပေါင်းစု တာဝန်ခံ ကိုကျော်ကြီးက “အခုတော့ အဲဒီ (--)စစ်ကြောင်းကတော့ ပြန်ထွက်သွားတော့ တိုက်ပွဲတွေ ဖြစ်ခဲ့တာတွေတော့ ရှိတယ်။ သူတို့ဘက်က အထိနာပါတယ်။ တချို့နေရာတွေမှာတော့ ပစ်ခတ်မှုတွေကတော့ ရှိနေတုန်းပါပဲ” လို့ DVB ကို ပြောပါတယ်။
ဇွန် ၃၀ ရက် မနက် ၆ နာရီခွဲ ဝန်းကျင်ကလည်း ကန့်ဘလူမြို့နယ်၊ မူးဆုံကင်းစခန်းကနေ ဇီးကုန်းရဲစခန်းဘက်ကို ဆိုင်ကယ်နဲ့ထွက်လာချိန် ကြားဖြတ်တိုက်ခိုက်ခံရလို့ အထိနာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇီးကုန်းတိုက်နယ်၊ ရန်ကြီးအောင်ရပ်ကွက်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြသေးတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့ ဇီးကုန်းတိုက်နယ်ထဲက သပြေသာ၊ ကျောင်းကုန်း၊ ဖိုလ်ကုန်းနဲ့ ဂွေးကုန်း ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရပြီး ထောင်ချီတဲ့ ဒေသခံပြည်သူတွေဟာလည်း နေအိမ်တွေ မီးလောင် ပျက်စီးခဲ့ကြတာကြောင့် အိုးမဲ့အိမ်မဲ့ဘဝကို ရောက်သွားကြပြီလို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။