
ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ယောက် သေဆုံးပြီး အယောက် ၇၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဖြူးမြို့နယ်က ဝဲဒေါင့်နဲ့ ဝဲကြီးကျေးရွာ စစ်ကောင်စီကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇွန် ၂၉ ရက် မနက် ၂ နာရီမှာ ဝဲဒေါင့် ဝဲကြီးကျေးရွာ စစ်ကောင်စီကင်းစခန်းကို တိုက်ခိုက်ရာ တိုက်ပွဲချိန် ၅ နာရီလောက် ကြာခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲကို ဖြူးမြို့နယ်ပကဖ၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၃၊ ဧရာဝတီ အမှတ် ၃ တပ်ရင်းနဲ့ အာဠာဝကစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးရဲဘော်တယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြူးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဝဲဒေါင့်ရွာလေ၊ ဖြူး-အုတ်ဖြတ်လမ်းက ဝဲဒေါင့်ရွာက သူတို့နေတဲ့နေရာပေါ့၊ စစ်ကောင်စီတွေနေတဲ့ နေရာကို ဝင်လုံးတာ၊ တိုက်ပွဲပြီးတော့ ပြန်ပြေးတာပေါ့၊ ပြန်ပြေးပြီးတဲ့အချိန်မှာ လေယာဉ်ပြန်ကြဲတာပေါ့၊ တို့ကတော့ ဝင်လုံးတယ်ဆိုတော့ ထိုင်နေလို့တော့ မရဘူးပေါ့၊ ဒီတိုင်းပဲ ထိန်းချုပ်တာပေါ့၊ မနက် ၅ နာရီလောက်က စဖြစ်တာ၊ ၄ နာရီခွဲ ၅ နာရီလောက်မှာ၊ ၈ နာရီလောက်မှာ လေယာဉ်ရောက်လာတာပေါ့၊ ပြည်သူ သေတဲ့သတင်းတွေ ဘာတွေတော့ သေချာမသိရဘူး၊ သူတို့က မြို့ဆေးရုံသွားတာ ဆိုတော့၊ သူတို့ဘက်က လူအင်အားတိုးနေတာ မနေ့ညနေကတည်းက ကြာအင်းတို့ ဆင်စွယ်ကုန်းတို့ဘက်ကနေ လူအင်အားတိုးတာ၊ ဖြူးပကဖနဲ့ ရန်ကုန်ပကဖတို့ ဝင်ပစ်တာ” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်တာနဲ့ လက်နက်ကြီးပစ်ကူ ပေးတာတွေကြောင့် ဝဲဒေါင့်၊ ဝဲကြီးကျေးရွာတွေထဲ ကျရောက်ခဲ့ပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှု များခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတယောက် ပွဲချင်းသေဆုံးပြီး ဆေးရုံပို့ဆောင်ပြီးမှ အသက် ၇ နှစ်အရွယ် ကလေးတယောက် အပါအဝင် ပြည်သူ ၄ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူ အယောက် ၆၀ ဝန်းကျင်လောက် ဖြူးမြို့နယ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေပြီး ၁၅ ယောက်လောက်က ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖြူးမြို့နယ် ဒေသခံတယောက်က “ဂျက်ဖိုက်တာနဲ့ ဝိုက်ပြီး ပစ်သွားတာ တော်တော်များများ ထိကုန်တယ်၊ ဆုံးသွားတဲ့လူတွေလည်း ရှိတယ်။ အခုတောင် ဆုံးသွားတဲ့လူတွေကို ရင်ခွဲရုံကနေ ထုတ်ပြီး သင်္ဂြိုဟ်ပေးနေတာ။ ဆုံးတာက ၄ ယောက်လား မသိဘူး၊ ပြီးတော့ ရွာထဲမှာတွေလည်း ရှိတယ်။ ရွာထဲမှာက တယောက်ကတော့ သတင်းရတယ် ဆုံးသွားတာ။ ကျန်တဲ့သူတွေလည်း ဆုံးတဲ့သူတွေလည်း ရှိတယ်။ သူတို့လည်း ဘာမှမလုပ်နိုင်လို့ တာလပတ်နဲ့ပဲ အုပ်ခဲ့လိုက်တယ်တဲ့။ ဒဏ်ရာရတဲ့သူက များတယ်၊ ၇၀၊ ၈၀ လောက် အနည်းဆုံးရှိမယ်။ ဒါပေမဲ့ တချို့ကျတော့လည်း နည်းနည်းပါးပါးလောက်ပဲဆိုတော့ ဒဏ်ရာဆေးထည့်ပြီး ပြန်သွားတာ။ ခွဲစိတ်ရမယ် ဘာညာ စိုးရိမ်ရရင်တော့ ဒီမှာ ဆေးရုံလာတက်ကြတာပေါ့။ တချို့ကျတော့လည်း အခြေအနေ စောင့်ကြည့်ပေါ့။ ခေါင်းကိုထိတဲ့သူတွေရော ၇ လသားလေးကအစ ကျောကုန်းကို တချက် ခေါင်းကိုတချက် မှန်တယ်၊ အစတွေစဉ်တာ” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရတဲ့ ပြည်သူတွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆေးရုံပို့ဆောင်ခဲ့ကြရပြီး ဝဲဒေါင့် ဝဲကြီးကျေးရွာကနေ ဖြူးမြို့ပေါ်သွားတဲ့ လမ်းကို စစ်ကောင်စီတပ်က ဇွန် ၃၀ ရက် မနက်ပိုင်းအထိ ပိတ်ထားတယ်လို့ သိရပါတယ်။
သီရိ