
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာကို စစ်ကောင်စီတပ်က ဇွန် ၂၉ ရက် ၁၁ နာရီ ၅၀ မိနစ်လောက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်သွားလို့ အမျိုးသမီး တယောက် သေဆုံးပြီး လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံရွာသားတယောက်က “လက်ပန်လှရွာအတွင်းက ပြည်စိုးအောင်ရပ်ကွက်ထဲကို ဗုံးသီးကြဲချသွားတာပါဗျ။ အဲဒီလို ကြဲချလို့ အရပ်သူ အမျိုးသမီးတယောက် သေဆုံးခဲ့ရတယ်။ သေတဲ့သူရဲ့ အသက်က ၄၀ ကျော်လောက်တော့ ရှိမယ်။ သေဆုံးတဲ့ အလောင်းက အသားတခြား၊ အရိုးတခြားကို ဖြစ်သွားရတယ်။ လူနေအိမ် ၃ လုံးလည်း ရစရာမရှိအောင်ကို ပျက်စီးခဲ့တယ်”လို့ ပြောပါတယ်။
လက်ပန်လှရွာဟာ စဉ့်ကူးမြို့အရှေ့ဘက် ၅ မိုင်လောက် အကွာမှာ တည်ရှိပြီး ၂၀၂၄ ခုနှစ် ဇူလိုင်အတွင်း NUG လက်အောက်ခံ ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကျေးရွာဖြစ်ပါတယ်။
လတ်တလာ ရွာမှာ တိုက်ပွဲတွေဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ဗုံးလာကြဲသွားတာလို့လည်း နောက်ထပ် လက်ပန်လှရွာသားတယောက်က ပြောပါတယ်။
“အဓိကတော့ဗျာ၊ အဲဒီရွာမှာ ဘာတိုက်ပွဲမှမရှိဘူးဗျ။ လက်ပန်လှရွာက စဉ့်ကူးမြို့နဲ့ဆို ၅ မိုင်အကွာ၊ မန္တလေးမြို့နဲ့ဆိုရင် ၅၄ မိုင် ကွာဝေးတဲ့ရွာ ဖြစ်တယ်ဗျ။ နောက်ပြီးတော့ မန္တလေး-မိုးကုတ် လမ်းမကြီးဘေးမှာ တည်ရှိပြီး ရွှေတူးဖော်ရေးလုပ်ငန်းများရှိတဲ့ ကျေးရွာလည်း ဖြစ်တယ်လေ။ အဲဒါကြောင့် စစ်တပ်က ဒီရွာကို အကြိမ်ကြိမ် ဗုံးကြဲချနေတာပေါ့။ အမှန်တိုင်းဝန်ခံရရင် ပြည်သူ့ကာကွယ်ရေးတပ်လည်း ရှိတယ်။ ဒါပေမဲ့ဗျာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စစ်ရေးဆိုင်ရာ အကြောင်းအရာတွေကို သင်တန်းကတည်းကိုက အခုလို စစ်တပ်ဘက်က တိုက်ခိုက်လာရင် ဘယ်လိုနေ၊ ဘယ်လို ထိုင်ရမယ်ဆိုတာတွေ သင်ပြထားပြီးသား ဆိုတော့ PDF ထိခိုက်တာ နည်းတယ်ဗျ။ အမှန်အကန် သေဆုံးရတာက အရပ်သားတွေပါပဲဗျ။”
အဆိုပါလက်ပန်လှရွာကို စစ်ကောင်စီတပ်က တံတားဦးဘက်ကနေတက်လာတဲ့ ဂျက်တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲသွားတာလို့လည်း သိရပါတယ်။
စဉ့်ကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်တယောက်က“ကျနော်တို့အနေနဲ့ကတော့ စစ်တပ် ယုတ်မာတာကို ပြောရရင် ပြောစရာစကားကို မရှိတော့ပါဘူး။ ရန်သူက ရန်သူအလုပ်ကို လုပ်ဆောင်တာပဲလို့ ပြောရမှာဘဲလေ။ ကျနော်တို့ဘက်ကလည်း စစ်တပ်ကို တချက်တော့ ပြောချင်တယ်။ အဲဒါ ဘာလဲဆိုတော့ အလှည့်ကျရင် မနွဲ့စတမ်းဘဲ။ ပြည်သူတွေအနေနဲ့လည်း စစ်တပ်က တန်ပြန် တုံ့ပြန်လာနိုင်မယ့် အရာတွေကို ကြိုတင် နားစွင့်လေ့လာပြီး ကြိုတင်ပြင်ဆင်ကာ အသက်အန္တရာယ်အတွက် ဘေးကင်းလုံခြုံတဲ့ နေရာမှာ နေထိုင်ကြဖို့ အထူမှားကြားလိုပါတယ်” လို့ ပြောပါတယ်။
လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်က ဇွန် ၂၀ ရက်ကလည်း အခုလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံ ၂ လုံးလည်း ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် မတ် ၁၄ ရက် မွန်းလွဲ ၃ နာရီခွဲကလည်း အခုလို လက်ပန်လှကျေးရွာထဲမှာရှိတဲ့ ဈေးအနီးကို လေယာဉ်အသုံးပြုပြီး ဗုံးကြဲချတာကြောင့် ကလေးတွေ အပါအဝင် ၃၁ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၀ ကျော်အထိရှိခဲ့ပါတယ်။