
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ညောင်တိုရွာကို စစ်ကောင်စီက ဇွန် ၂၉ ရက် ည ၁၁ နာရီ ၄၉ မိနစ်လောက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတယောက်က “ကြဲတာက လူတွေ အိပ်ကောင်းနေတဲ့ ည ၁၁ နာရီကို လာကြဲချတာ။ အဲလိုကြဲချလို့ ကျနော်တို့ရွာက အသက် ၅၀ ကျော်အရွယ်ရှိတဲ့ ဒေါ်ခင်ချိုရယ်၊ အသက် ၄၀ ကျော်အရွယ်ရှိတဲ့ ဒေါ်ညိုစန်းရယ် စုစုပေါင်း အမျိုးသမီးကြီး ၂ ဦး ကျည်စထိမှန် ဒဏ်ရာတွေရခဲ့တယ်။ နောက်ပြီး ဗုံးကြဲလို့ ဦးအေးကို၊ ဦးနိုင်စိုး၊ ဦးအောင်လွင်၊ ဦးခိုင်ထူးတို့ရဲ့ လူနေအိမ် ၄ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်” လို့ ပြောပါတယ်။
အဆိုပါ ညောင်တိုရွာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ အခြေပြု လှုပ်ရှားတာလည်း မရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲချသွားတာလို့ ဆိုပါတယ်။
တောင်သာပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က “ဒီကောင်တွေကတော့ သူတို့လုပ်ချင်သလိုကို လုပ်နေတာဗျ။ စစ်ရေးလှုပ်ရှားမှုလည်း မရှိပါဘူး။ အခုလို စစ်တပ်က အရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထားနေရတာဟာ ပြည်သူကို အကြောက်တရား သွင်းနေတာဗျ။ မင်းတို့ကို ငါတို့က ကြိုက်တဲ့အချိန်အခါမရွေး အခုလို သတ်လို့ရတယ်။ ငါတို့အပေါ် အရေးယူနိုင်မယ့်သူ ဒီ မြန်မာနိုင်ငံမှာ မရှိဘူး။ အကုန်လုံးကို သတ်ပစ်လို့ရတယ်ဆိုတဲ့ သဘောမျိုးနဲ့ အခုလို လုပ်ဆောင်နေတာ။ ကျနော်တို့အနေနဲ့ကတော့ ပြည်သူအတွက် အာဏာရှင်ကို ကိုယ်စား တိုက်ပေးနေတဲ့အဖွဲ့ ဖြစ်တာကတကြောင်း၊ ပြည်သူထဲကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့စစ်သား ဖြစ်နေတာကတမျိုး၊ ပြည်သူကကျွေးလို့ စားနေရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားများ ဖြစ်နေတော့ ပြည်သူဒုက္ခရောက်စေမယ့် အရာတိုင်းကို ရှောင်တယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ မန္တလေးတိုင်းအတွင်းက မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့ မြို့နယ်တွေက ကျေးရွာတွေကို မေနဲ့ ဇွန်လအတွင်းမှာ နေ့စဉ်လိုလို လေကြောင်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်ခံနေရတာကြောင့် အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုတွေလည်း တနေ့တခြား တိုးလာနေတယ်လို့ သိရပါတယ်။