Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို ရွှေတိဂုံဘုရားဖူးလာ လူငယ်များကို ဖမ်းဆီးစစ်ဆေးနေ 
DVB
·
June 18, 2025
Photo: MV

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အကြို ဇွန် ၁၈ ရက် ဒီမနက် အစောပိုင်းကတည်းက ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားမှာ အင်္ကျီအဖြူဝတ်နဲ့ ပန်းကိုင်လာတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းခေါ်ပြီးစစ်ဆေးနေတယ်လို့ ဘုရားဖူးတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေက အရပ်ဝတ်တွေ ဝတ်ဆင်ထားသလို တချို့က အရပ်ဝတ်မဝတ်ဘဲ ရွှေတိဂုံဘုရားအောင်မြေမှာ ဆုံမှတ်နေရာထားကာ ဘုရားဖူးလာတဲ့ လူငယ်အများစုကို ဖမ်းဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။ 

ရန်ကုန်မြို့ခံ ဘုရားဖူး ပြည်သူတယောက်က “သူတို့က အခုမနက် အရပ်ဝတ်တွေနဲ့ရော ယူနီဖောင်းတွေနဲ့ရော ထူးထူးခြားခြား ပြည့်နေတာပဲ။ လူငယ်တွေကိုဖမ်းခေါ်ပြီး ချမ်းသာကြီးတန်ဆောင်းဆီ ဖမ်းခေါ်သွားပြီး စစ်ဆေးမေးမြန်းနေကြတာ။ ဘာတွေ မေးနေလဲတော့ မသိဘူး။ အနားအကပ်မခံဘူး”လို့  ပြောပါတယ်။  

လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ မွေးနေ့က မနက်ဖြန် ဇွန် ၁၉ ရက်မှာ ကျရောက်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူတွေက မွေးနေ့ဆုတောင်းပွဲတွေ လုပ်ဆောင်မှာကို စစ်ကောင်စီက ထိတ်လန့်နေပြီး ပန်းပန်တဲ့သူတွေ၊ အဝတ်အပြာရောင် ဝတ်ဆင်သူတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံ ဆုတောင်းပေးတဲ့ ပုံစံလုပ်ဆောင်သူတွေကို ဖမ်းဆီးမယ်၊ လွတ်ငြိမ်းခွင့်မရဘဲ ထောင် ၃ နှစ်အထိချမှတ်မယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဇွန် ၁၇ ရက်ကစတင် ဖော်ပြနေပါတယ်။ 

နယ်က ဘုရားဖူး တယောက်က “သူတို့ကတော့ အကြောက်တရားနဲ့ တားဆီးထိန်းချုပ်မှာပါပဲ။ သတိထားနေထိုင်ဖို့ပဲ လိုတာပါ။ အခုက ဘုရားတောင် လွတ်လွတ်လပ်လပ်ဖူးခွင့် မရတဲ့ဘဝပေါ့။ တန်ခိုးကြီးဘုရားမို့ ဦးခိုက်ဆုတောင်းချင်လို့ သွားကြတာ။ ကျမတို့ပြည်သူတွေရဲ့ မေတ္တာနဲ့ အမေစုအတွက် အိမ်ကဘုရားမှာ ဆုတောင်းလည်းပြည့်ပါတယ်” လို့ ပြောပါတယ်။ 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ဆုတောင်းတာ အပါအဝင် ပန်းသပိတ်၊ အသံတိတ်သပိတ်တွေ မလုပ်ဖို့၊ မပါဝင်ဖို့ ရန်ကုန်မှာ ဝန်ထမ်းတွေနဲ့ အနုပညာရှင်တွေကို စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးတွေကနေ သတိပေး ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 

ရန်ကုန်က လှိုင်သာယာ၊ လှည်းတန်းနဲ့ ကမာရွတ် စတဲ့မြို့နယ်တွေမှာ ၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက်က ကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉  ပြည့်မွေးနေ့ ဆုတောင်းပေးသူတွေထဲက တချို့နဲ့ ပန်းသပိတ် ပါဝင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024