
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ရခိုင်တိုင်းရင်းသား ၁၁ ယောက်ကို အာရက္ခတပ်တော် (AA) ထံသတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကျောက်ဖြူမြို့နယ်ကနေ စစ်ဘေးတိမ်းရှောင်လာပြီး ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာမှာ လာရောက်ခိုလှုံနေကြတဲ့ ရခိုင်တိုင်းရင်းသား ၁၁ ယောက်ကို ဇွန် ၁၆ ရက်ညနေပိုင်းက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “AA သတင်းပေးတွေဆိုပြီး ဖမ်းတာတဲ့။ အဖမ်းခံရတဲ့ သူတွေက ကျောက်ဖြူမြို့နယ်ကနေ စစ်ရှောင်လာတဲ့ စစ်ဘေးရှောင်တွေလို့ သိရတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါတယ်။ စစ်ကား ၂ စီးနဲ့ ဖမ်းခေါ်သွားတာ”လို့ ပြောပါတယ်။
အဖမ်းခံရတဲ့သူတွေထဲမှာ အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်ပြီး ရေကြည် အခြေစိုက် အမြောက်တပ်က တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
မေ ၈ ရက်ကလည်း ငါးသိုင်းချောင်းမြို့အနီးမှာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၁၃ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။