
ဇွန် ၁၉ ရက်နေ့ ကျရောက်မယ့် လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကမ်ပိန်းကနေ မွေးနေ့ဆုတောင်း ဗီဒီယိုပေါင်း ၈၀,၀၀၀ ပြည့်သွားပြီလို့ ကမ်ပိန်း တရားဝင်စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။
“အမေ့မွေးနေ့မတိုင်ခင် ၁ ရက်အလိုမှာ မွေးနေ့ဆုတောင်း ၈၀၀၀၀ ပြည့်သွားပါပြီ။ ပါဝင် ဆုတောင်းပေးတွေအားလုံးနဲ့ ဆုတောင်းတွေကို ရရှိအောင်ကူညီပေးကြသူသူအားလုံးကို ကင်မ်နဲ့ ကမ်ပိန်းဖြစ် မြောက်ရေးကော်မတီက ကျေးဇူးအထူးတင်ရှိပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်က “ဒီလို မွေးနေ့ဆုတောင်းဗီဒီယို စံချိန်သစ်တင်နိုင်ခဲ့တာက မေမေ့ကို ထောက်ခံအားပေးသူတွေ တကမ္ဘာလုံးမှာ ရှိနေတယ်ဆိုတဲ့ သက်သေပါပဲ။ ဒီကနေတဆင့် သူနဲ့ မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခဆင်းရဲကို [နိုင်ငံတကာက] အမြန်ဆုံးသိနိုင်ပါစေလို့ ကျနော်မျှော်လင့်ပါတယ်။ [စစ်ကောင်စီအနေနဲ့] သူ့ရဲ့စကားသံကို ပိတ်ပင်ထားလို့ရချင်ရမယ်၊ သူ့ရဲ့ အရှိန်အဝါကိုတော့ မှေးမှိန်အောင်လုပ်လို့ရမှာ မဟုတ်ပါဘူး”လို့ DVB ကိုပြောပါတယ်။
မွေးနေ့ဆုတောင်း ဗီဒီယိုဖိုင်ပေါင်း ၈၀.၀၀၀ နဲ့ ကမ္ဘာမှာ အရေအတွက်အများဆုံး ဂင်းနစ် စံချိန်တင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဗီဒီယိုတွေက မွေးနေ့ရက်ဖြစ်တဲ့ ဇွန် ၁၉ ရက်ညပိုင်းအထိ ပေးပို့နိုင်မှာဖြစ်ပါတယ်။
လင့်ခ်တွေက ပေးဖို့ အခက်အခဲရှိမယ်ဆိုရင် Suu 80 Birthday Campaign စာမျက်နှာ https://www.facebook.com/Suu80BirthdayCampaign ချက်ဘောက်ကတဆင့် ပေးပို့နိုင်သလို သရုပ်ဆောင် မင်းသား ခါရာရဲ့ လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/KharRaMyanmarActorOfficial ကနေလည်း ပေးပို့ပါဝင်နိုင် ပါတယ်။
မွေးနေ့ဆုတောင်းဗီဒီယိုကို Happy Birthday နဲ့ စတင်ရမှာဖြစ်ပြီး စု ဆိုတဲ့ စကားလုံး ပါဝင်ရမှာ ဖြစ်သလို စက္ကန့် ၃၀ ထက်မပိုတဲ့ ဗီဒီယိုကို 100 MB ထက် မပိုစေဘဲ တယောက်ကို ဗီဒီယို တခုသာ ပေးပို့ပါဝင်ရမှာ ဖြစ်ပါတယ်။
ပေးပို့သူတွေရဲ့ လုံခြုံရေးကို ဦးစားပေးထားတဲ့အနေနဲ့ Suu 80 Birthday Campaign ပေ့ချ်မှာ တင်ထားတဲ့ လင့်ခ်ကို ဝင်ရောက်ပြီး မွေးနေ့ ဆုတောင်းဗီဒီယိုကို upload လုပ်ရမှာဖြစ်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးအကျဉ်းချထားတာဖြစ်ပြီး စုစုပေါင်း အမှု ၁၉ မှုထဲက အမှု ၅ မှုကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တဲ့အတွက် ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံရတုန်း ဖြစ်ပါတယ်။