
အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချထားတာခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင်အတွင်းက ရှားပါးရုပ်သံဗွီဒီယိုဖိုင်ကို ယူကေအခြေစိုက် The Guardian သတင်းစာက ရရှိဖော်ပြခဲ့ပါတယ်။
ဒီမှတ်တမ်းကိုတော့ ပြည်သူ့ရင်ခွင်အဖွဲ့ကတဆင့် ပေါက်ကြားခဲ့တယ်လို့ ဖော်ပြထားပြီး မှတ်တမ်းထဲမှာတော့ ၂၀၂၂ ခုနှစ် သြဂုတ်နဲ့ ဒီဇင်ဘာလတွေအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တရားခွင်ထဲမှာ အမှုရင်ဆိုင်နေကြရတဲ့ မြင်ကွင်းတွေကို ဖော်ပြထားပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ နီးကပ်လာချိန်မှာ မတရားဖမ်းဆီးခံထားရတဲ့ အရပ်သား ခေါင်းဆောင်ရဲ့ ဘဝအကြောင်း တစေ့တစောင်း တွေ့မြင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းချိန်ကစလို့ နေပြည်တော်မှာ ဖမ်းဆီးခံခဲ့ရပြီး လူမြင်ကွင်းကနေ နှစ်ချီပျောက်ကွယ်နေခဲ့တာပါ။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ပြစ်မှုဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) စတဲ့ ဥပဒေ ပုဒ်မတွေနဲ့ တရားစွဲဆိုပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။