
ဇွန်လ ၁၉ ရက်နေ့ ကျရောက်မယ့် လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကမ်ပိန်းကနေ မွေးနေ့ဆုတောင်း ဗီဒီယိုတွေ စုစုပေါင်း ၇၂,၄၉၇ ခုရရှိလာပြီး ၈၀,၀၀၀ ပြည့်ဖို့သိပ်မလိုတော့တဲ့အတွက် ဆက်လက်ပါဝင်ကြဖို့ ကမ်ပိန်း တရားဝင်စာမျက်နှာကနေ နှိုးဆော်ထားပါတယ်။
မွေးနေ့ဆုတောင်း ဗီဒီယိုဖိုင်ပေါင်း ၈၀.၀၀၀ နဲ့ ကမ္ဘာမှာ အရေအတွက်အများဆုံး ဂင်းနစ် စံချိန်တင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဇွန် ၁၇ ရက်အထိ ပေးပို့လာကြတဲ့ မွေးနေ့ဆုတောင်း ဗီဒီယိုပေါင်းက ၇၀,၀၀၀ ကျော် ရလာပြီလို့ သိရပါတယ်။
ဗီဒီယိုတွေက မွေးနေ့ရက်ဖြစ်တဲ့ ဇွန် ၁၉ ရက်ညပိုင်းအထိ ပေးပို့နိုင်မှာဖြစ်ပြီး လင့်ခ်တွေက ပေးဖို့ အခက်အခဲရှိမယ်ဆိုရင် Suu 80 Birthday Campaign စာမျက်နှာ https://www.facebook.com/Suu80BirthdayCampaign ချက်ဘောက်ကတဆင့် ပေးပို့နိုင်သလို သရုပ်ဆောင် မင်းသား ခါရာရဲ့ လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/KharRaMyanmarActorOfficial ကနေလည်း ပေးပို့ပါဝင်နိုင်ပါတယ်။
သရုပ်ဆောင်မင်းသားခါရာက “ဘယ်နေရာ ရောက်နေရောက်နေ မရပ်မနား ကြိုးစားနေဖို့ လိုပါတယ်။ ‘တလုံးတဝ’တည်းဆိုတဲ့ စည်းလုံးမှုကို အခြေခံကြမယ်။ ဒီကမ်ပိန်းမှာ ပါဝင်ပေးကြတဲ့အတွက် ကျေးဇူးတင်တယ်။ ဆုတောင်း video တွေ ပို့ပေးကြလို့လည်း ကျေးဇူးတင်တယ်။ အမေစုအတွက် ကျနော်တို့ ရှိတယ်”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။
လူထုခေါင်းဆောင်ကို ချစ်ခင်လေးစားကြပေမဲ့ ပြည်တွင်းမှာ ရှိကြတဲ့ တော်လှန်ပြည်သူတွေအနေနဲ့ မျက်နှာဖော်ပြပြီး ဆုတောင်းဗီဒီယိုပေးပို့ရမှာ ဖြစ်တာကြောင့် လုံခြုံရေးအခက်အခဲ၊ အင်တာနက် အခက်အခဲနဲ့ နည်းပညာ အားနည်းချက်တွေကြောင့် ကမ်ပိန်းအစပိုင်းရက်တွေမှာ ရုပ်သံဗီဒီယိုပေးပို့မှုတွေ နှောင့်နှေး ကြန့်ကြာခဲ့တာ ဖြစ်ပါတယ်။
မွေးနေ့ဆုတောင်းဗီဒီယိုကို Happy Birthday နဲ့ စတင်ရမှာဖြစ်ပြီး စု ဆိုတဲ့ စကားလုံး ပါဝင်ရမှာ ဖြစ်သလို စက္ကန့် ၃၀ ထက်မပိုတဲ့ ဗီဒီယိုကို 100 MB ထက် မပိုစေဘဲ တယောက်ကို ဗီဒီယို တခုသာ ပေးပို့ပါဝင်ရမှာ ဖြစ်ပါတယ်။
ပေးပို့သူတွေရဲ့ လုံခြုံရေးကို ဦးစားပေးထားတဲ့အနေနဲ့ Suu 80 Birthday Campaign ပေ့ချ်မှာ တင်ထားတဲ့ လင့်ခ်ကို ဝင်ရောက်ပြီး မွေးနေ့ ဆုတောင်းဗီဒီယိုကို upload လုပ်ရမှာဖြစ်ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးအကျဉ်းချထားတာဖြစ်ပြီး စုစုပေါင်း အမှု ၁၉ မှုထဲက အမှု ၅ မှုကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တဲ့အတွက် ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံရတုန်း ဖြစ်ပါတယ်။