
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်လာလို့ စစ်ရှောင်ပြည်သူတွေ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီပူးပေါင်းတပ်တွေဟာ အင်အား ၂၀၀ လောက်နဲ့ နမ်းမားဘက်ကနေ ဇွန် ၂ ရက်က စတင်ထိုးစစ်ဆင်လာလို့ ဘူးဒေါင်း၊ ခေါင်တုန်း၊ လေသာကုန်း စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရတာပါ။
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဇွန် ၉ ရက်မှာ တိုက်ပွဲတွေဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာသွားတယ်လို့ ဗန်းမောက်မြို့နယ် ပကဖ တာဝန်ရှိသူဆီက သိရပါတယ်။
တိုက်ပွဲတွေကြောင့် ကျေးရွာ ၃ ရွာက ပြည်သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ စစ်ရှောင်စခန်းတွေမှာ စောင့်ရှောက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ထိုးစစ်ဆင်လာတဲ့အချိန် ဒေသခံပြည်သူတွေကို ပေါ်တာဆွဲခဲ့တယ်လို့ ပြောပါတယ်။
ပကဖ တာဝန်ရှိသူက “ခေါင်းတုန်းကျေးရွာမှာ အထိုင်ချပြီးတော့ ၉ ရက်နေ့ ထိတွေ့တိုက်ပွဲ ဖြစ်တယ်။ သူတို့ ခေါင်းတုန်းကျေးရွာမှာ အထိုင်ချတော့ ကျေးရွာက ပြည်သူတွေကို ပေါ်တာဆွဲတာတွေ ပြုလုပ်တယ်။ လောလောဆယ် အဲကျေးရွာ ၃ ရွာက ပြည်သူတွေကို ကျနော်တို့ စိုးမိုးနယ်မြေတွေရှိတဲ့ ကျေးရွာတွေမှာ နေရာဖြန့်ပြီး စစ်ဘေးရှောင်စခန်းတွေမှာ ကူညီစောင့်ရှောက်ထားတယ်” လို့ပြောပါတယ်။
ဇွန် ၉ ရက်နေ့က ဖြစ်တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၂၀ ဝန်းကျင် သေဆုံးခဲ့ပြီး သေနတ် ၃ လက်ရရှိခဲ့သလို စစ်ကောင်စီပူးပေါင်းတပ်တွေရဲ့ အလောင်းတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီ ပူးပေါင်းတပ်တွေ ဆုတ်သွားပြီးနောက် တဖက်နဲ့တဖက် စောင့်ကြည့်နေသေးတဲ့ အခြေအနေဖြစ်ပြီး ဗန်းမောက်မြို့နယ်က တော်လှန်ရေးတပ်ဖွဲ့တွေကလည်း နယ်မြေကာကွယ်ရေးလုပ်နေပြီး ကျေးရွာ ၃ ရွာက ပြည်သူတွေကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။
အဲဒီ စစ်ရှောင်ပြည်သူအများစုဟာ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ကြရလို့ အခြေခံ လိုအပ်ချက်တွေအတွက် အခက်အခဲဖြစ်နေတယ်လို့လည်း သိရပါတယ်။