
တိုင်ကြားမှုတွေ ရှိနေတာကြောင့် ရွှေကုန်သည်အချို့ကို စစ်ကောင်စီ ခေါ်ယူစစ်ဆေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်
ရွှေဈေး ဆွဲတင်နေသူတွေနဲ့ အွန်လိုင်း လေပတ်ကား ရွှေရောင်းဝယ်သူတွေကို တိုင်ကြားထားတာလို့ ဆိုပါတယ်။
ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က “မနေ့က (ဇွန် ၁၃) မှ ခေါ်ပြီးစစ်ဆေးနေတာပါ။ အွန်လိုင်းကနေ လေပတ်ကား ရွှေအရောင်းအဝယ် ပြုလုပ်ပြီး ရွှေမပေးသူတွေနဲ့ ပစ္စည်းယူပြီး ငွေမပေးသူတွေကို တိုင်ကြားထားတာ။ အဲဒီမှာမှ ပြင်ပဈေးကွက်ထဲမှာ ရွှေဈေးကို မတက် တက်အောင် ဈေးဆွဲတင်နေတဲ့သူတွေကိုလည်း ခေါ် စစ်ဆေးနေတယ်”လို့ ပြောပါတယ်။
ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ရှိနိုင်တာကြောင့် ရွှေဆိုင်တွေအနေနဲ့ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း ရောင်းချဖို့နဲ့ လိုင်စင်မဖြစ်မနေ ပြုလုပ်ကြဖို့ကိုလည်း ဦးမျိုးမြင့်က တိုက်တွန်းထားပါတယ်။
လက်ရှိမှာလည်း ရွှေတကျပ်သားကို ကျပ် သိန်း ၈၀ နီးပါးအထိ မြင့်တက်လာတဲ့အတွက် ဝယ်ယူတဲ့သူတွေ နည်းပြီး လာပြန်ရောင်းတဲ့သူတွေ များတယ်လို့ သိရပါတယ်။