Home
မြန်မာသတင်း
မြောင်မြို့နယ်တွင် ရဲ ၁ ဦး လက်နက်ခဲယမ်းများယူဆောင်ပြီး မိသားစုနှင့်အတူအလင်းဝင်
DVB
·
June 14, 2025
Myaung14062025 (1)
Myaung14062025-1
Myaung14062025-3
Myaung14062025-2

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ရဲတပ်ဖွဲ့ဝင် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေယူဆောင်ပြီး  မိသားစုနဲ့အတူ ဇွန် ၁၂ ရက်နေ့မှာ အလင်းဝင်ရောက်လာတယ်လို့ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၃၀ (ADPRA) ဆီကနေ သိရပါတယ်။

ADPRA ရဲ့ တပ်ခွဲ ၂ က တပ်ဖွဲ့ဝင်ရဲဘော်တယောက်က “မြောင်မြို့နယ်ထဲမှာရှိတဲ့ ကျောက်ရစ်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက်က သူကိုင်တဲ့သေနတ်နဲ့ခဲယမ်းတွေ၊ သူ့အမျိုးသမီးနဲ့ သူ့ကလေးလေးကိုပါ တခါတည်းခေါ်လာပြီးတော့ ကျနော်တို့ တပ်ခွဲ ၂ နဲ့ ချိတ်ဆက် အလင်းဝင်လာတာပါဗျ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ ရဲတပ်ကြပ် ကျော်မင်းရန် (ကိုယ်ပိုင်အမှတ် - လ/၂၄၈၀၇၈) ဟာ MA13 (BA 94) သေနတ် ၁ လက်၊ ၉ မမ ကျည်အတောင့် ၃၀ နဲ့ ကျည်ဘောက် ၁ ခုတို့ ကိုလည်း ယူဆောင်လာတယ်လို့ ဆိုပါတယ်။

ယင်းမာပင်ခရိုင်၊ တပ်ရင်း ၃၀ (ADPRA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မင်းဉာဏ် က “သူ ဒီဘက်ကို အလင်းဝင်လာဖို့ အချိန် ၂ လလောက်နီးပါး လောက်စောင့်လိုက်ရတယ် ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အဲဒီ ကျောက်ရစ်ရဲစခန်းထဲမှာ ကင်းကျတဲ့အချိန်လောက်ပဲ လက်နက်ပေးပြီး ကင်းချိန်ပြီးရင်လက်နက်ပြန်အပ်ရတော့ လက်နက်ယူခဲ့ဖို့ အခက်အခဲဖြစ်နေခဲ့တာ။ ဒါပေမယ့်လည်း အခုအလင်းဝင်လာတဲ့အခါမှာတော့ လက်နက်ပါယူလာနိုင်ခဲ့တယ်။ သူယူလာတဲ့ BA94 ဆိုတာက မောင်းပြန်မဟုတ်ပေမယ့်။ မောင်းပြန်အုပ်စုထဲမှာပါနေလို့ MOD ဘက်က သူ့ကို သိန်း ၃၀ နဲ့ ၅၀ ကြား ဆုကြေးငွေပေးအပ်ဖို့ရှိနေတယ်။ ပြည်သူ့ရင်ခွင်ဘက်ကလည်း လစဉ်ထောက်ပံ့ပေးမှာလို့တော့ သိရတယ်။ အခုတော့ သူတို့မိသားစုလိုက် ကျနော်တို့တပ်ရင်းထဲမှာပဲ စောင့်ရှောက်ပေးထားပါတယ်။ ဘာဆက်လုပ်မလဲ ဆိုတာကတော့ သူတို့နဲ့ အေးအေးဆေးဆေး မတိုင်ပင်ရသေးဘူးဗျ” လို့ DVB ကို ပြောပါတယ်။

ယင်းမာပင်ခရိုင်၊ တပ်ရင်း ၃၀ ဆီကို အခုအလင်းဝင်လာတဲ့ ရဲတပ်ကြပ် ကျော်မင်းရန် အပါအဝင် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာပြီးဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင် ၃ ယောက်ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရစ်နေသူတွေအနေနဲ့ တိုက်ပွဲတွေအတွင်းလက်နက်ချအညံ့ခံရင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးအရေးယူခံရမှာဖြစ်လို့ ကြိုကြိုတင်တင်ပြည်သူ့ဘက်ကိုဘက်ပြောင်းပြီး စောစီးစွာအလင်းဝင်ရောက်ကြဖို့ ADPRA ဘက်က တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

Photo : ADPRA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024