Home
ဆောင်းပါး
သူကယ် ကိုယ်ကယ် နွေဦးနယ်
DVB
·
May 11, 2025
Design: DVB

နွေဦးနယ်ပယ်

တိုက်ပွဲလယ်မှာ

သူကယ်ကိုယ်ကယ်

ပြိုင်တူကယ်ခဲ့ကြတကား။ ။

ကျမ အိပ်မက်မက်နေတာလား၊ တကယ်လား၊ သေနတ်သံတွေ ကြားနေရတယ်။ အာဏာသိမ်းတာကို လက်မခံ ဖီဆန်ဆန္ဒပြနေသူတွေကို မတရား အာဏာသိမ်း စစ်တပ်က ပစ်ခတ်နေတာပေါ့။ လှိုင်သာယာဘက်က သေနတ်သံတွေလား၊ ရွှေပြည်သာဘက်က သေနတ်သံတွေလား၊ မရမ်းကုန်းဘက်က သေနတ်သံတွေလား၊ မြို့ထဲဘက်ကလား။ မဟုတ်သေးပါဘူး၊ ငါအိပ်နေတာ အင်းစိန်မှာပါ။ ဟုတ်တယ်၊ အင်းစိန်ထဲက သေနတ်သံတွေပဲ။ တချို့က ခပ်ဝေးဝေး၊ တချို့က ခပ်နီးနီး၊ တချို့က ခပ်သဲ့သဲ့ကြားရတာ၊ တချို့က ခပ်ကျယ်ကျယ်ပေါ့။ မှတ်မှတ်ရရ ၂၀၂၁ ခုနှစ် မေလ ၂၉ ရက် ည ၈ နာရီ၀န်းကျင် သေနတ်သံတွေ တိတ်သွားပြန်တော့ သံပုံးတီးသံတွေ ထွက်ပေါ်လာဦးမလား၊ နားစွင့်နေမိတယ်။ ညသပိတ်ရဲ့ အသံ သဲ့သဲ့လေးတွေကို ကြားရနိုးနိုး။ လူသံတွေ တိတ်ဆိတ် အိမ်မီးတွေ မီးပိတ်ထားချိန်မှာ ရုတ်တရက် သေနတ်သံ ကြားရပြန်တယ်။

“ဒုန်း ဒုန်း”

သေနတ်သံကလည်း ဒုန်း ဒုန်းနဲ့ပါလား။ ဟာ မဟုတ်သေးပါဘူး။ “ဒေါက် ဒေါက် ဒေါက်” တံခါးလာခေါက်တာပါလား။ ဘုရား ဘုရား “ ဒေါက်..ဒေါက်…။ ကျမ ရင်ဝထဲမှာ ဒိန်းကနဲပေါ့။ ဒေါက်..ဒေါက်.ဒေါက်..ဒေါက်……. ဒေါက်..ဒေါက်.ဒေါက်..ဒေါက်…….” တံခါးကို ပြင်းပြင်းထန်ထန် အလောတကြီး ဆက်တိုက် ဆက်တိုက် ခေါက်နေတော့ ပိုကြောက်လာတာပေါ့။ မဖွင့်ရဲပါဘူး။ မြို့ထဲက ဆရာ၀န်အိမ်တွေကို ညည ၀င်စီးပြီး ဖမ်းခေါ်သွားတာမျိုးတွေ။ ဆန္ဒပြ ကျောင်းသားတွေကို ဝင်ဖမ်းသွားတာတွေ။ နေ့ခင်းမှာ ဆန္ဒပြပွဲတွေ ဓာတ်ပုံရိုက် သတင်းယူတဲ့ သတင်းထောက်တွေကို ညည ဝင်ဖမ်းတာတွေကို ခဏခဏ မြင်နေရ သိနေရတော့ တံခါးမဖွင့်ရဲဘူး။ “ဘုရား ဘုရား ငါ သတင်းထောက်ဆိုတာများ သိသွားလို့ လာရှာတာလား။ “မိသွားရင် ရိုက်နှက် ခေါ်သွားတာတွေ၊ နှိပ်စက်ခံရပြီး သေလို့ အလောင်းပြန်မရတာတွေ ကြားနေရတော့ ငါ့ကိုများ မိသွားရင်တော့ မလွယ်ဘူးလို့လည်း တွေးမိရဲ့။ ကျမအိမ်မှာ သမ္မတ ဦး၀င်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ဗီနိုင်းတွေ၊ တခြားကြွေးကြော်သံပါတဲ့ ဗီနိုင်းတွေက အထပ်လိုက်အပုံလိုက်၊ နေ့လယ်က ဆန္ဒပြသူတွေ ထားသွားတာလေ။ နောက်ပြီး ကျမက သတင်းထောက်ဖြစ်နေတော့ ဆယ်စုနှစ်ချီပြီး သတင်းလိုက်တိုင်း မပါမဖြစ် ဆောင်ထားရတဲ့ သတင်းထောက်ကတ်တွေ၊ ကိုဗစ်ကာလ သွားလာခွင့် ကန့်သတ်ထားတဲ့ မြို့နယ်တွေမှာ သတင်းရယူခွင့်ပေးထားတဲ့ ကတ်တွေနဲ့ပေါင်းလိုက်ရင် နံရံမှာ ချိတ်ဆွဲထားတဲ့ ကတ်ပေါင်းစုံကိုလည်း တွေ့သွားမှာ စိုးရိမ်မိသွားတာပေါ့။ PRESS ဆိုတဲ့ တံဆိပ်ကြီး ကပ်ထားတဲ့ Helmet က ၂ လုံး၊ ကျည်ကာ၀တ်စုံ လေးလေးကြီးက တစုံ၊ ကျန်တဲ့ ကင်မရာ အသုံးအဆောင် တွေက လတ်တလော ဘယ်လိုမှ ဖွက်နေလို့ မဖြစ်တဲ့ အခြေအနေမှာ တံခါးက အဆက်မပြတ် ခေါက်သံပေးနေပါတယ်။ ပြီးတော့လည်း တီးလွန်းလို့ တွန့် လိမ် ပိန် ကျုံ့ နေတဲ့ လင်ပန်းကြီးကလည်း ဘယ်နားမှာ သွားဖွက်ရမှန်းတောင် မစဉ်းစားနိုင်တော့တဲ့ ဒီအချိန်ပေါ့။ ဒီအချိန်မှာပဲ ကျမ ယောကျ်ားက ပြောတယ်။ ကျမကို “ အဲ.. .. စိတ်ငြိမ်ငြိမ်ထား .. အေးအေးဆေးဆေး ထိုင်နေလိုက် မောင်တံခါးဖွင့်လိုက်မယ်.. ကျန်တာ မောင်ရှင်းမယ်.. ထမလာနဲ့”တဲ့ သူတံခါးကို ဖွင့်လိုက်ချိန်မှာတော့…… “ အကို.. အစ်မရှိလား.. အစ်မ ကျနော့်ကို ကယ်ပါဦးဆိုပြီး ပြောလည်းပြော အိမ်ထဲလည်း အတင်း ပြေး၀င်လာတယ်။ ပြီးတော့သူကပဲ “အကို တံခါးပိတ်ပိတ် မြန်မြန်ပိတ်လို့” ပြောတယ်။ သူက အင်းစိန် ရွာမက ရဲအရာရှိတဦးပါ…။ ကိုယ်စီကိုယ်စီ အပြန်အလှန် ကယ်တင်ခဲ့ကြတဲ့ နွေဦးတော်လှန်ပွဲ ဆန္ဒပြပွဲထဲက ဘဝတူ တယောက်ပါလေ။ ကျမတို့ကို လာဖမ်းတဲ့ရဲ မဟုတ်မှန်းသိတော့ ရင်ထဲက အလုံးကြီးကျသွားပါတယ်။ သူက CDM လုပ်ပြီး ပြေးလာတဲ့ CDM ရဲအရာရှိပေါက်စ တယောက်ပါ။ သူက ကျမကို ဆန္ဒပြပွဲထဲမှာ ကယ်ခဲ့ဖူးတယ်။

ကျမသူ့ကို မြင်လိုက်တာနဲ့ ချက်ချင်းမှတ်မိတယ်၊ အင်းစိန် ရွာမက နှစ်ပွင့်ရထားတဲ့ ရဲ အရာရှိလေးပေါ့၊ အသက်က ၂၆ နှစ်၊ ကျမ သူ့ကိုမေးလိုက်တယ် “မောင်လေး နင်ဘာလာလုပ်တာလဲ ငါ့တို့ပါ အမှုပတ်တော့မှာနော်” ဆိုတော့ . . . သူ့ပုံကြည့်ရတာ ချွေးတွေစိုရွဲနေတယ်၊ မောနေပုံရော ကြောက်နေပုံရော သူ့ကြည့်ရတာ ကိုယ်ပါ မလုံခြုံသလို ခံစားလာရတယ်။ သူက ဆက်ပြောတယ် လက်ဟန်ခြေဟန်နဲ့ မောကြီးသောကြီးနဲ့ “အမကို ကျနော် ကယ်ခဲ့တယ်လေ။ အခု ကျနော့ကို တညလောက် အမအိမ်မှာ ထားထားပေးလို့မရဘူးလား”တဲ့။ ဟုတ်ပါတယ် ဒီတော်လှန်ရေးမှာ ရင်ဘတ်ချင်းတူရင် သူကယ်ကိုယ်ကယ် ကယ်တင်ခဲ့ကြဘူးကြမှာပါပဲ။ သူက ဆက်ပြောပါတယ် “ကျနော် CDM လုပ်လိုက်ပြီ အမ.. မနက်ဖြန် မနက် ၄ နာရီ ကျနော် အမအိမ်ကနေ ထွက်မယ်” ရဲအရာရှိလေးကို အဲဒီညက အိမ်ရှင်ဖြစ်တဲ့ ကျမက တုန်လှုပ်ချောက်ချားစွာနဲ့ တညတာ ပေးအိပ်ခဲ့ပါတယ်။ သူ့အတွက် လုံခြုံမှုပေးခဲ့တာပါ။ ဒါပေမဲ့ ကျမကလေး နှစ်ယောက်ကလွဲရင် ကျမရော၊ ကျမအမျိုးသားရော၊ ရဲ အရာရှိ လေးရော အိပ်မပျော်ခဲ့ကြပါဘူး။ ပတ်၀န်းကျင်မှာ ခွေးဟောင်သံကြားတိုင်း ခေါင်းတွေထောင်ပြီး အပြင်ကို ထထကြည့်မိတယ်၊ နားစွင့်မိတယ်၊ စိုးရိမ်မိတယ်၊ တယောက်မှ မအိပ်ဖြစ်ခဲ့ကြတဲ့ညပေါ့။ အမှန်ကတော့ အရင်ညတွေကလည်း အလားတူပါပဲ။ အခုညကတော့ ပိုဆိုးတာပေါ့။ ရဲအရာရှိ CDM တယောက် ကိုယ်အိမ်ထဲမှာ ရောက်နေတာလေ။ မိသွားရင်တော့ အားလုံး မောကျော။ အိပ်မရတဲ့အဆုံး စော်ဘွားကြီးကုန်းပေါ့။ ထထိုင်လိုက်တယ်။ နံရံကို ကျောမှီ ငုတ်တုတ်ထိုင်ရင်း ငါတို့ ဘာ ဆက်လုပ်ကြရမလဲ တိုင်ပင်ခဲ့ကြတယ်။ 

လွန်ခဲ့တဲ့ မတ်လ ၁၀ ရက် ၂၀၂၁ ခုနှစ် အင်းစိန်ရွာမမှာ ဆန္ဒပြ ပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ် ဖြိုခွင်းရုံမက ဒဏ်ရာရထားတဲ့ လူငယ်တွေကို ဆရာ၀န်နဲ့ ပရဟိတ ၀န်ထမ်းတွေက လိုက်ကယ်နေချိန် ဆရာ၀န် ၁ ဦးနဲ့ သူနာပြု ၃ ဦး၊ စေတနာ့၀န်ထမ်း ၅ ဦး၊ စုစုပေါင်း ၉ ဦးကို တရွတ်တိုက်ဆွဲ ဖမ်းဆီးသွားတဲ့အချိန်က ကျမက သတင်းရယူဖို့ အဲဒီနေရာကို အဝင်မှာ ဒီရဲအရာရှိနဲ့ ရွာမမှာ ထိပ်တိုက်တွေ့ခဲ့တယ်။ ကျမ၀မ်းသာသွားတယ် ကိုယ်နဲ့ ခင်သူဆိုတော့ ကိုယ့်ကို ကာကွယ် ပေးလိမ့်မယ့်ပေါ့။ သူက ကျမကို တားပါတယ်။ သူက ကျမကို သေနတ်နဲ့ ချိန်ထားပေမဲ့ သူ့မျက်နှာကြည့်ရတာ သွေးဆာမနေဘူး။ သူက “အမ လှည့်ပြန်လိုက်တော့ .. ကျည် အစစ်တွေနော် အတုတွေ မဟုတ်ဘူး.. အကုန်သေမှာ.. အမြန်လှည့်ပြန်လိုက်အမ” လို့တားပြီး ပြောခဲ့တယ်။ သူ့နောက်မှာလည်း ပြောက်ကျား စစ်၀တ်စုံရော၊ ရဲ၀တ်စုံရော အင်အားတချို့က သွေးဆာနေကြသလိုလို.. သူ့က အသံ တိုးတိုးလေးနဲ့ ပြောနေတယ်။ အဲဒီတုန်းက ကျမက ပြန်ပြောခဲ့တယ် “ငါက သတင်းထောက်လေ သတင်းလာယူတာ.. ဒီအဖြစ်အပျက်တွေကို ကမ္ဘာက သိအောင်လုပ်ရမှာ ငါ့အလုပ်လေ” ဆိုတော့ “အမ ရှေ့တိုးရင် အိမ်ပြန်လို့ ရမှာ မဟုတ်တော့ဘူး အမ.. သေလိမ့်မယ်။ သူတိုက သတင်းထောက်ဆိုရင် ပစ်ဖို့အမိန့်ပေးထားတယ်။ ကျနော့်စကားနားထောင်ပါ။ ကျနော်က သေနတ်ကို ချိန်ရုံချိန်ထားတာပါ။ လက်ညိုးကိုမကွေးဘူး .. ကျနော့်မှာ ကျနော့်အကြောင်းနဲ့ ကျနော် ရှိတယ်..အမ အိမ်ပြန်လိုက်ပါလို့ ပြောလို့ နောက်ဆုံးမှာ “သူ လက်ညှိုးသာ ကွေးလိုက်ရင်” ဆိုပြီး တွေးမိလာတယ်။ ဒါနဲ့ပဲ သတင်းထောက် မာန်ကိုလျှော့ပြီး ကျမလည်း လာလမ်းအတိုင်း ပြန်လှည့်ခဲ့ပါတယ်။ အခုသူ့ကို ကျမ ပြန်ကယ်ခဲ့ပါပြီ။ CDM လုပ်လာတဲ့သူ့ကို ကျမအိမ်မှာ တညထားပေးခဲ့တာကိုး။

သူ့ဘ၀အကြောင်း

တကယ်တော့ သူက မိဘမဲ့တစ်ယောက်ပါ။ သူ့မိဘတွေကို သူမမြင်ဖူးရှာဘူး။ သူ့မှာ ဆွေမျိူးသားချင်း ရှိလားဆိုတာလည်း သူမရှိဘူး။ မွေးကတည်းက ဘုန်းကြီးကျောင်းမှာ ကြီးပြင်းခဲ့တယ်။ အရွယ်ရောက်လာတော့ ဆယ်တန်းကို ၁ နှစ် ကျတယ်လို့ သိရပါတယ်။ ကျောင်းထိုင် ဘုန်းတော်ကြီးက သူ့ကို လူပီသအောင် နေထိုင်ဖို့၊ အပြင်လောကမှာ လူတွေအကြောင်း လေ့လာရင် ဘ၀ကို ဆက်လက်ရှင်သန်ဖို့ မိန့်မှာပြီးနောက် ဘုန်းကြီးကျောင်းကနေ သူထွက်ခဲ့တယ်။ အပြင်မှာ ဘာလုပ်စားရင်ကောင်းမလဲ တွေးရင်း နေစရာ လိုင်းခန်းလည်း ပေးထားတဲ့ ရဲတပ်ထဲကို သူ ၀င်ဖြစ်သွားခဲ့တယ်။ ရဲတပ်သားလုပ်နေရင်း ဆယ်တန်း ဆက်ဖြေချင်တယ်ပြောလို့ သူ့အထက်အရာရှိက ဆယ်တန်းကို ဆက်ဖြေခွင့် ပြုလိုက်ပြီးနောက် သူဟာ တဖက်မှာ တာ၀န်ကျေပွန်စွာ ထမ်းဆောင်ရင်း တဖက်မှာလည်း စာကိုကြိုးစားရင်းနဲ့ ဆယ်တန်းကို အောင်ခဲ့ပြီးနောက် ပုခုံးမှာ တရစ်တိုး ရာထူးရရှိခဲ့တယ်။ နှလုံးသားမြို့တော်ကို ရှာဖွေခဲ့သူ မိဘမဲ့ တကောင်ကြွက် ဘ၀နဲ့ ဘုန်းကြီးကျောင်းမှာသာ ဘ၀ကို ဖြတ်သန်းလာခဲ့ရသူမို့ မိသားစုဆိုတဲ့ အသိုက်အမြုံလေးကို သူ အင်မတန် ဆာငတ်ခဲ့ပါတယ်။ မိသားစုဘ၀ကို သူ အရမ်းတောင့်တခဲ့တာလို့ ဆိုတယ်။ တနေ့နေ့မှာ သား သမီး၊ ဇနီး မယားနဲ့ သာယာတဲ့ မိသားစုလေးကို ဖန်တီးဖို့ စိတ်ကူးတွေ ရှိခဲ့သူမို့ ဖေ့စ်ဘွတ်ခ်ပေါ်က မိန်းကလေးနဲ့ ခင်မင်ကြရင်း သူကိုယ်တိုင် အပြင်မှာ တွေ့ဖို့ ချိန်းခဲ့ရာကနေ လက်မလွှတ်ချင်တော့ဘဲ ကောင်မလေးကို သူ့အရာရှိဆီ ခေါ်သွားပြီး လက်ထပ်ပေးဖို့ အတင်းပူဆာခဲ့တယ်လို့ သိရပါတယ်။ ကောင်မလေးကလည်း အိမ်မပြန်တော့တာနဲ့ သူ့အရာရှိကိုယ်တိုင် မိဘတွေဆီ တောင်းရမ်းပြီး ကောင်းကောင်းမွန်မွန် လက်ထပ်ပေးခဲ့တာပါ။ အရာရှိပေါက်စဆိုပေမဲ့ တာ၀န်လေးစားသူ၊ တပည့်တွေ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ဖော်ရွေပြီး ရိုးသား အေးဆေးသူတယောက်၊ လာဘ်စားတာမျိုးကို ဘယ်တော့မှ မလုပ်ခဲ့သလို၊ ရဲစခန်းကို ရောက်လာတဲ့ တရားခံတွေနဲ့ အမှုသည်တွေကပေးတဲ့ ပိုက်ဆံကိုလည်း ဘယ်တုန်းကမှ မယူရဲတာကြောင့် တခါတလေ သူ့ဆရာကိုယ်တိုင်က အပြင်မှာ အောက်ဆိုက် ငွေရှာနည်းတွေ ခွင်ငွေ ဖန်ငွေရအောင် သင်ပေးတာတောင် ကြောက်လွန်းလို့ မလုပ်ခဲ့ဘူးလို့ သူ့ အမျိုးသမီးက ပြောပြပါတယ်။ သူတို့သားဦးလေး မွေးတော့ ကျမ သမီးလေးက ၃ လသားလေးမို့ သူတို့ရဲ့ မွေးကင်းစ ကလေးလေးအတွက် အနှီးတွေ၊ ကလေးစောင်တွေ၊ ခြင်ထောင်တွေ ကျောကွဲအကျီ လေးတွေတောင် ပေးခဲ့သေးတယ်။ ဒီလိုနဲ့ သူတို့သားလေး ၉ လ အရွယ်မှာ အာဏာသိမ်းသွားတယ်။

ပြည်သူဘက်သို့ ရပ်တည်ခြင်း

တနိုင်ငံလုံး အုံအုံကြွကြွဖြစ်နေချိန် တချို့ရဲတွေက ငါတို့အာဏာပြလို့ရပြီဆိုပြီး ကြွေးကြော် ပျော်မြူးနေသူတွေရှိသလို သူလို့ ပြည်သူနဲ့ပေါင်းပြီး ထွက်ပြေးဖို့ ကြံစည်နေတဲ့သူတွေလည်း ရှိပါတယ်။ ကျမအသိ အမျိုးသမီးတယောက်ဆိုရင် ရဲတပ်သား ၇ ဦးကို မိန်းမခိုးသလို စခန်းထဲမှာ သွားခိုးထုတ်ခဲ့ရပါတယ်။ ညမှောင်မှောင်မှာ စခန်း၀န်းနားကို မယောင်မလည်နဲ့ ကပ်ပြီး တယောက်ပြီးတယောက် ခေါ်ထုတ် လက်နှီးစုတ်ကအစ သယ်လာခဲ့ပေးတယ်။ ဒီရဲအရာရှိလေးကတော့ ကျမအိမ်ကိုလည်း မကြာမကြာ လာလည်တတ်သူဖြစ်နေတော့ ကျမဆီပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူနဲ့ ရပ်တည်ပြီး ပြည်သူနဲ့ တသားတည်း ဖြစ်အောင်စွန့်စားခဲ့တဲ့ သူ့စိတ်ဓာတ်လေးကို လေးစားမိပါတယ်။ နောက်နေ့မနက် ၄ နာရီမှာ ချိန်းထားတဲ့ ကားတစီး အိမ်ရှေ့ရောက်လာတယ်။ သူ့ရဲ့ ကျောပိုးအိတ် ပိန်ပိန်ထဲမှာ အ၀တ်အစား သိပ်မပါလာမှန်း သိလို့ ကျမ အမျိုးသားရဲ့ ဘောင်းဘီရှည် ၂ စုံနဲ့ အ၀တ်အစား အချို့ပါ ထည့်ပေးလိုက်ပါတယ်။ လမ်းခရီးမှာ အစစအရာရာ သတိရှိဖို့နဲ့ လိုရာခရီးကို အဆင်ပြေပြေ ရောက်သွားနိုင်ဖို့ ဆုတောင်းပေးခဲ့ပါသေးတယ်။ မင်းအခု ဘယ်ကို အရင်ဆုံးသွားမလဲလို့ မေးလိုက်တော့ ကျနော် KNU ဆီ အရင်ဆုံး ရောက်အောင်သွားမယ် အစ်မလို့ ပြောပြီး ကားပေါ်တက်သွားတဲ့ သူ့ပုံရိပ်ကို ကြည့်ရင်း လမ်းခရီးတလျှောက် မမြင်နိုင်တဲ့ ဘေးအန္တရာယ်တွေကို စိတ်ပူမိသလို ဒီလိုအခြေအနေ အချိန်အခါမှာ ပြည်သူတွေနဲ့ လက်တွဲရဲတဲ့ သူ့စိတ်ဓာတ်ကိုလည်း လေးစားမိပါတယ်။ အခုတော့ ၄ နှစ်ကြာပြီပေါ့။ ၄ နှစ်အကြာမှာ အင်းစိန်ရဲစခန်းက အရာရှိလေးဟာ   PDF ရဲဘော် ဖြစ်နေပါပြီ။ တိုက်ပွဲတွေကို ဆင်နွှဲနေပါပြီ။

ရဲ CDM၊ PDF ရဲဘော် နှစ်ထပ်ကွမ်း တော်လှန်ရေးသမား

စစ်အာဏာသိမ်းတာကို လက်မခံ CDM လုပ် ဆန့်ကျင်ရင်းက ရဲအရာရှိကနေ PDF ရဲဘော် ဖြစ်နေပါပြီ။ နှစ်ထပ်ကွမ်း တော်လှန်ရေးသမားပေါ့။  ၂၀၂၅ ခုနှစ် မေလ ၅ ရက်ဟာ PDF ပြည်သူ့ကာကွယ်ရေး တပ်မတော် စတင်ဖွဲ့စည်းတဲ့ လေးနှစ်ပြည့်ပါ။ ၄ နှစ်ကျော်လာတဲ့ ဒီတော်လှန်ရေးကြီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF ရဲဘော်တွေရဲ့ စွမ်းရည်တွေက ပိုမိုအားကောင်းလာနေပြီး ပိရိလွန်းတဲ့ ပြင်ဆင်မှုတွေ၊ လက်တွေ့ အကောင်အထည် ဖော် ဆောင်နေတဲ့ နည်းဗျူဟာတွေ၊ ထိုးစစ်ဆင်နွှဲ တိုက်ခိုက်မှုတွေက ကျေနပ်အားရစရာ ကောင်းလှပါတယ်။ ခေတ်အဆက်ဆက် ခေတ်ဆိုးစနစ်ဆိုးတွေကြား ပြည်သူတွေဟာ တော်လှန်ရေးကို ကျရာနေရာကနေ ပါ၀င်ခဲ့တယ်ဆိုတာလည်း ငြင်းပယ်လို့မရတဲ့ အမှန်တရားတခုပါ။ လွန်ခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာညတည နှင်းမြူတွေ ကြွေကျနေတဲ့ ကရင်ပြည်နယ် တောအုပ်ထဲမှာ CDM ရဲအရာရှိလေး ရှိနေတယ်ဆိုတာ သိခဲ့ရပါတယ်။ သူနဲ့ အဆက်အသွယ် ပြန်ရခဲ့ပါတယ်။ သူဟာ အရာရှိဆိုတဲ့ ဂုဏ်ကို စွန့်လွှတ်ပြီး မိသားစုဘဝကို စွန့်လွှတ်ပြီး တောထဲတနေရာမှာ PDF ရဲဘော်တွေနဲ့အတူ PDF ရဲဘော်တဦးအဖြစ် စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် ဒီတော်လှန်ရေးကြီး ပြီးဆုံးတဲ့အထိ တိုက်ပွဲ၀င်သွားမယ်လို့ ဆက်သွယ် ပြောပြလာပါတယ်။ အင်အား တောင့်တင်း ခိုင်မာပါတယ်ဆိုတဲ့ အကြမ်းဖက် စစ်တပ်ကြီးဟာ ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်တွေရဲ့  ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းမှုတွေကြောင့် စခန်းတွေ စွန့်လွှတ်ပေးရ၊ မြို့တွေကို လက်လွှတ်ဆုံးရှုံးရနဲ့ သေသူသေ ကျေသူကျေ၊ ပြေးသူပြေး အလံဖြူတွေထောင် လက်မြှောက် ဒူးထောက်လို့ တစထက်တစ အာဏာသိမ်း စစ်တပ်ကြီးဟာ အင်အားချိနဲ့ပြီး ပြိုလဲလို့လာနေပါပြီ။ ကျမတို့ရဲ့ နွေဉီးတော်လှန်ရေးက အောင်ပွဲတွေ ဆက်တိုက်ဆွတ်ခူး သိမ်းပိုက်ထားတာမို့ နီးသထက်နီးလာတဲ့ ဒီမိုကရေစီ အောင်ပွဲဆီသို့ ဇွဲအားမလျှော့ဘဲ တက်ညီ လက်ညီ ဆက်လက် ချီတက်နေကြပါပြီလေ။ ဒီအထဲမှာ သူကယ် ကိုယ်ကယ် ကျမတို့ အပြန်အလှန် ကယ်ခဲ့ကြဘူးတဲ့ PDF တဖြစ်လည်း ရဲအရာရှိလေးလည်း ပါဝင်ပါတယ်ရှင်။ ။

မိုင်ဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024