Home
ဆောင်းပါး
ဇွဲမာန်ကိုမြှင့် အောင်လံလွှင့်
DVB
·
April 29, 2025

မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးသည် ၄ နှစ်ကျော်ပြီး ၅ နှစ်အတွင်း ၀င်ရောက်လာပြီ ဖြစ်သည်။ အာဏာလုစစ်အုပ်စုသည် ပြည်သူလူထု ရွေးချယ်ထားသော အစိုးရထံမှ လက်နက်အားကိုးဖြင့် အာဏာလုစဉ်အခါက ပြည်သူလူထု၏ သဘောဆန္ဒကို အထင်သေး လျှော့တွက်ခဲ့ဟန်တူ၏။

အဏာရူးတို့၏ ထုံးစံအတိုင်း လက်နက်ဖြင့် အနိုင်ကျင့် ဖိအားပေးလိုက်လျှင် ပြည်သူများအနေဖြင့် ဦးကျိုး ဒူးထောက်ရမည်သာ ဖြစ်သည်ဟု ယူဆခဲ့ကြပေလိမ့်မည်။ အစဉ်လာအရ ထိုသို့ ထင်မြင်ယူဆနိုင်သော အကြောင်းအရာများလည်း ရှိနေခဲ့သောကြောင့်ဖြစ်၏။

အထူးသဖြင့် မြန်မာတို့သည် သွေးဆူလွယ်၏။ သွေးပူနေစဉ်အချိန်တွင် ဟောဟောဒိုင်းဒိုင်း တဇွတ်ထိုး လုပ်တတ်ကြ၏။ သို့သော်လည်း တဖက်တွင် အပျော်အပါးမက်၏။ မေ့လွယ် ပျောက်လွယ်၏။ ထိုသို့သော အမူအကျင့်များကို အာဏာရှင်အဆက်ဆက်က အမိအရ အသုံးချခဲ့ကြ၏။ နွေဦးတော်လှန်ရေးတွင်မူ အာဏာလုစစ်အုပ်စုသည် ၎င်းတို့ အထင်သေး လျှော့တွက်ခဲ့သော မြန်မာပြည်သူတို့၏ ခိုင်မာပြတ်သားသော ဇွဲသတ္တိကို ရင်ဆိုင်နေရပြီဖြစ်သည်။

မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးသည် အချိုးအကွေ့ အလှည့်အပြောင်း မျိုးစုံကြားမှ တိုးတက်လာခဲ့ရခြင်း ဖြစ်၏။ အဖိနှိပ်ခံ ပြည်သူလူထု၏ အဆုံးစွန် ပေါက်ကွဲအုံကြွမှုကြောင့် အာဏာလုစစ်အုပ်စု၏ အခြေအနေမှာ မကြုံစဖူး ယိမ်းယိုင်နေပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည်လည်း နည်းလမ်းမျိုးစုံဖြင့် အဏာသက်ဆိုးရှည်ရေးအတွက် ကြိုးပမ်းနေရပြီဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် မိမိတို့ပြည်သူများအနေဖြင့် ဇွဲသတ္တိခိုင်ခိုင်မာဖြင့် ရန်သူ အာဏာလုစစ်အုပ်စုကို ဆက်လက် ရင်ဆိုင်ချေမှုန်းနိုင်ရန် အရေးကြီးလှ၏။ တော်လှန်ရေးဟူသည် အများကောင်းကျိုးအတွက် ခယောင်းလမ်းကို ဖြတ်ကျော်ရခြင်းဖြစ်ရာ မည်သို့သော အခြေအနေမျိုးတွင်မဆို ခိုင်မာပြတ်သားသော သန္နိဋ္ဌာန်ဖြင့် မယိမ်းမယိုင် လျှောက်လှမ်းပါက မုချအောင်မြင်ရမည် ဖြစ်၏။

စစ်အာဏာရှင်တို့သည် ၎င်းတို့၏ ရပ်တည်ရှင်သန်ရေးအတွက် ပြည်သူလူထုအား လေကြောင်းတိုက်ခိုက်ခြင်း၊ မြို့ရွာများအား မီးလောင်တိုက်သွင်းခြင်း စသော ရာဇ၀တ်မှုများကို စဉ်ဆက်မပြတ် ကျူးလွန်နေ၏။ တဖက်တွင်လည်း တော်လှန်ရေးစိတ်ဓာတ်များ အားပျော့သွားစေရန် အကျိုးစီးပွား မက်လုံးများပေးခြင်း၊ ပျော်ပွဲရွှင်ပွဲအမျိုးမျိုးဖြင့် ဆွဲဆောင် ဖြားယောင်းခြင်းများကိုလည်း အစီအစဉ်ချကာ လုပ်ဆောင်နေကြ၏။ ၎င်းတို့၏ မတရားအာဏာလုမှုကို နိုင်ငံတကာတွင် တရား၀င်မှုရရန် ကြိုးပမ်းပြီး ပြည်သူလူထု၏ ခုခံတော်လှန်မှုကို အချိန်ဆွဲ ချေမှုန်းနိုင်ရန် ပြင်ဆင်နေကြောင်း ထင်ရှားလှပေသည်။

မြန်မာပြည်သူတို့အနေဖြင့် စစ်အုပ်စု၏ သွေးခွဲဝါဒဖြန့်မှုများ၊ သွေးဆောင်ဖြားယောင်းမှုများကို အထူးသတိထား တုံ့ပြန်ကြရန် လိုအပ်ပါသည်။ အထူးသဖြင့် စာပေ၊ ရုပ်ရှင်၊ ဂီတ နယ်ပယ်များတွင် စစ်အုပ်စု၏ သစ္စာခံများသည် နည်းအမျိုးမျိုးဖြင့် ထိုးဖောက်လှုပ်ရှားကာ တော်လှန်ရေး၏ ပုံရိပ်ကို ကျဆင်းစေရန်၊ တော်လှန်ရေးစိတ်ဓာတ်များကို ယိမ်းယိုင်စေရန် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နေကြလေ၏။ ထိုသို့သော ဝါဒဖြန့်မှုများကိုလည်း တိကျမှန်ကန်သော သတင်းအချက်အလက်များ၊ မှန်ကန်သော လုပ်ရပ်များဖြင့် တုံ့ပြန်နိုင်ရမည်ဖြစ်သည်။ သို့မှသာ နိုင်ငံတကာအလယ်တွင် စစ်အုပ်စု၏ ရက်စက်ယုတ်မာမှုများမှာ မှေးမိန်ပျောက်ကွယ်သွားခြင်း မရှိဘဲ ထင်ရှားပေါ်လွင်နေမည်ဖြစ်သည်။

မြန်မာပြည်သူတို့အနေဖြင့် ကြမ်းတမ်းခက်ခဲသော တော်လှန်ရေးခရီးကို ကိုယ့်အားကိုယ်ကိုး၍ ကြိုးစားချီတက်ရသည်မှာ လွယ်ကူလှသည်မဟုတ်ပေ။ အကျိုးစီးပွားကို ရှေ့တန်းတင်တတ်သော အိမ်နီးချင်းနိုင်ငံများကြားတွင် မတရားဖိနှိပ်မှုကို စိတ်ဓာတ်တခုသာ အရင်းပြုပြီး တွန်းလှန် ခုခံနေရခြင်းဖြစ်၏။ ယ‌နေ့အချိန်အထိ ရရှိလာခဲ့သော နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများမှာ မြန်မာပြည်သူလူထု၏ အာဏာရှင်စနစ်အပေါ် ပူးပေါင်းဆန့်ကျင်မှု၏ ရလဒ်ဖြစ်၏။ ခက်ခဲသော်လည်း တော်လှန်ရေးခရီးမှာ များစွာ ရှေ့ရောက်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဇွဲမာန်တင်းတင်းဖြင့် စည်းစည်းလုံးလုံး ဆက်လက်ချီတက်ကြရန်သာ လို၏။ နွေဦးတော်လှန်ရေးသည် ပြည်သူတို့သာ မလွဲမသွေ အောင်ပွဲခံရမည့် ပြည်သူ့‌တော်လှန်ရေးဖြစ်၏။

လတ်တလော အခြေအနေတွင် စစ်အုပ်စုသည် ၎င်းတို့ အရှက်တကွဲ ရှုံးနိမ့်ဆုတ်ခွာခဲ့ရသော လားရှိုးမြို့ကို တရုတ်အကူအညီဖြင့် ပြန်လည် ဝင်ရောက်လာသည်။ သို့သော် တိုင်းရင်းသား တော်လှန်တပ်ဖွဲ့တခုဖြစ်သော မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) အနေဖြင့်လည်း ၎င်းတို့၏ အခြေချနယ်မြေ ပထဝီအနေအထားအရ မလွှဲသာသော တရုတ်ဖိ အားကြောင့်သာ လားရှိုးမြို့ပေါ်မှ ဆုတ်ခွာခဲ့ခြင်း ဖြစ်၏။ လားရှိုးမြို့ပြင် ၃ မိုင်ပတ်လည်တွင် ဝိုင်းပတ် နေရာယူထားခြင်းဖြစ်ရာ လားရှိုးမြို့တွင် အာဏာလုစစ်အုပ်စု၏ အုပ်ချုပ်ရေးယန္တရား အပြည့်အ၀ လည်ပတ်ရေးမှာ အိပ်မက်မျှသာ ဖြစ်ပေလိမ့်မည်။ အမှန်စင်စစ်အားဖြင့် တရုတ်၏ မြန်မာပြည်ကုန်သွယ်ရေးဆိုင်ရာ အကျိုးစီးပွားအတွက် စစ်အုပ်စုအား ချွေးသိပ်ပေးခြင်းအဆင့်ထက် ဘာမျှမပိုပေ။ လားရှိုးသည် အချိန်မရွေး တော်လှန်ရေးတပ်များလက်သို့ ပြန်လည်ရယူနိုင်သည်သာဖြစ်၏။

နိုင်ငံရေး၊ စစ်ရေး ကစားပွဲများ ပြင်းထန်လာသည်နှင့်အမျှ မြန်မာပြည်အနှံ့ စစ်မြေပြင်များတွင် တော်လှန်ရေးတပ်များ၏ ထိုးစစ်သည်လည်း တရွေ့ရွေ့ ရှေ့တိုးလာနေ၏။ အင်းတော်ဒေသ စစ်မျက်နှာ၊ မကွေးတိုင်းအနောက်ခြမ်း စစ်မျက်နှာ၊ ပဲခူးတိုင်းအနောက်ခြမ်းနှင့် အရှေ့ခြမ်းစစ်မျက်နှာ၊ ဧရာ၀တီတိုင်း အနောက်ခြမ်း စစ်မျက်နှာများနှင့် ရှမ်းတောင်ဒေသ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း စစ်မျက်နှာများတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေသိမ်းတိုက်ပွဲများမှာ ကျယ်ပြန့်လာပြီဖြစ်၏။

တော်လှန်ရေးဖြစ်သည့်အတွက် အလုံးစုံ ပြီးပြည့်စုံခြင်း မရှိသော်လည်း ထိုအောင်မြင်မှုများသည် ပြည်သူလူထု၏ မလျှော့တမ်း ထောက်ပံ့ကူညီမှု၊ တော်လှန်ရေးတပ်ဖွဲ့များ၏ မဆုတ်မနစ် ကြိုးစားမှုများ၏ ရလဒ်ကောင်းများပင် ဖြစ်လေ၏။

ထိုသို့ တရွေ့ရွေ့ ကြိုးစားမှုဖြင့်သာ မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးသည် အောင်ပန်းဆွတ်ခူးနိုင်မည်ဖြစ်၏။ စစ်အုပ်စုသည်လည်း မည်မျှပင် ကြိုးစားရုန်းကန်နေသော်လည်း စစ်မျက်နှာအသီးသီးတွင် အရှုံးကြီး ရှုံးနေပြီဖြစ်၏။ ၎င်းတို့၏ အရှုံးကို ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကြဲခြင်းဖြင့်သာ အရှက်ပြေ ပတ်ရမ်းနေရ၏။

စစ်အုပ်စု၏ အရပ်သားများအပေါ် ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများသည် သတိထား ကာကွယ်ရမည့်အရေး ဖြစ်၏။ စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လောက်သော အခွင့်အရေးမျိုးတော့ စစ်အုပ်စုအနေဖြင့် ဘယ်သောအခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ မြန်မာပြည်သူများအတွက်မူ ဤမျှ ရက်စက်ယုတ်မာ‌သော အာဏာလုစစ်အုပ်စုရန်မှ အပြီးတိုင် လွတ်မြောက်ရေးမှာ ၎င်းတို့အား အပြီးတိုင် ချေမှုန်းရေး နည်းလမ်းသာ ရှိ၏။ ထို့ကြောင့် နိုင်ငံရေးလောကဓံမုန်တိုင်းများကို အားတင်းကျော်ဖြတ်ကာ ဇွဲသတ္တိကြီးကြီးဖြင့် ရင်ဆိုင်တွန်းလှန်လျှင် မြန်မာပြည်သူတို့ အထူးလိုလား တောင့်တနေသော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်သစ်တည်ထောင်ရေး ပန်းတိုင်မှာ မဝေးတော့ပါကြောင်း...။

ညိုသူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024