Home
ဆောင်းပါး
ဗုံးကြဲမပျက် ငြိမ်းချမ်းရေး
DVB
·
May 1, 2025

လောကမှာ ငြိမ်းချမ်းရေးကို လူတိုင်း လိုချင်ကြပါတယ်လို့ဆိုရင် ယေဘုယျအားဖြင့် မှန်ပါတယ်။ ဒါပေမဲ့ အသိဉာဏ်နိမ့်ကျသူတွေ၊ ကိုယ်ကျင့်တရား ပျက်ပြားသူတွေအတွက်‌ကတော့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေ ပါလာပြီး အတ္တ၊ လောဘ၊ မာနတွေ ယှဉ်လာတဲ့အခါမှာတော့ ငြိမ်းချမ်းရေးဆိုတာ အကြောင်းပြစရာ၊ ခုတုံးချစရာတခု ဖြစ်သွားကြလေ့ရှိပါတယ်။ တန်းတူရည်တူ မဟုတ်ဘဲ သူတို့ အခွင့်ထူးခံခွင့် ခိုင်မာဖို့၊ သူတို့ အမြဲတမ်းဗိုလ်ကျခွင့်၊ တဖက်သတ် အပေါ်စီးရစေမယ့် အမည်ခံငြိမ်းချမ်းရေးမျိုးသာ ဖြစ်သွားရပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ နိုင်ငံတော်အာဏာ ၃ ရပ်စလုံးကို ပြည်သူလူထုအများစု အလိုမတူမှန်း သိပါလျက်နဲ့ လက်နက်အားကိုး လုယက်ခဲ့ကြတဲ့ စစ်နဲ့ လုပ်စားသူတွေက ငြိမ်းချမ်းရေးဆိုတာ သူတို့ရဲ့ ခိုးယူလုယက်ထားတဲ့ စည်းစိမ်ဥစ္စာ အာဏာတည်မြဲရေးအတွက် ကြားကောင်းရုံ ခုတုံးလုပ် အသုံးချနေတဲ့ ဗုံးကြဲမပျက် ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစဉ်ကတည်းက မြန်မာ့သမိုင်းတလျှောက်လုံးမှာ စစ်အခွင့်ထူးခံ ဗိုလ်ယုတ်ကြီးတွေ ကြီးစိုးခြယ်လှယ်ပြီး ဦးဆောင်ကျင်းပခဲ့တဲ့ ပုံစံအမျိုးမျိုးနဲ့ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ အပစ်ရပ်ဆွေးနွေးပွဲတွေကို လေ့လာသုံးသပ်ကြည့်တဲ့အခါ တိုင်းရင်းပြည်သူလူထုအပေါ် စိတ်စေတနာကင်းမဲ့ပြီး သူတို့ အာဏာတည်မြဲရေးအတွက် တဖက်သတ် ကြိုတင်သတ်မှတ်ချက်တွေနဲ့ မအောင်မြင်အောင် စီမံခဲ့ကြတဲ့ သမိုင်းဆိုးတွေကို မှတ်တမ်းတင်ခဲ့ရတာ အထင်အရှား ဖြစ်ပါတယ်။

ပြည်ထောင်စုစနစ်ကို မျှော်မှန်းခဲ့ပေမဲ့လည်း တပြည်ထောင်စနစ်ပုံပေါ်ခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အားနည်းမှုကြောင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ တပြည်လုံးက ကရင်လူထုအင်အား ၄၅၄,၁၀၀ ဆန္ဒဖော်ထုတ်ပွဲ ပေါ်ပေါက်ခဲ့ရပါတယ်။ ကရင်တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းစွာဒီမိုကရေစီ တောင်းဆိုမှုကို ဖဆပလအစိုးရမှ စစ်ရေးနဲ့ ဖြေရှင်းခဲ့တာမို့ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာ ကရင်လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်ခဲ့ရပါတယ်။

အင်းစိန်ရှိ ကရင်ခေါင်းဆောင် မန်းဘဇံ၊ ဗိုလ်ချုပ်စိုင်းကေ၊ စောဟန်တာသာမွှေး၊ ဗိုလ်မှူး စောအောင်စိန်တို့က ၁၉၄၉ ခုနှစ်၊ မေလ ၅ ရက်မှာ ဖဆပလအစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့လည်း လက်နက်ချရေးကို အဓိကတောင်းဆိုခဲ့တာမို့ ပထမအကြိမ် ဆွေးနွေးပွဲပျက်ပြီး အင်းစိန်တိုက်ပွဲလည်း ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။

စစ်အာဏာရှင်နေဝင်းရဲ့ အိမ်စောင့်အစိုးရလက်ထက်မှာလည်း တဖက်သတ်အပေါ်စီးယူထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း ကရင်လက်နက်ကိုင်တပ်တွေကို လက်နက်ချဖို့ အိမ်စောင့်အစိုးရက တောင်းဆိုခဲ့တာမို့ ၄ ကြိမ်တိတိ ဆွေးနွေးကြပေမဲ့လည်း မအောင်မြင်ဘဲ ဒုတိယအကြိမ် ဆွေးနွေးပွဲ ပျက်ခဲ့ရပြန်ပါတယ်။

အဲ့ဒီနောက် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ တိုင်းပြည်အာဏာကိုလုယူပြီး အာဏာရဲ့ အရသာသိပြီးတာမို့ လက်မလွှတ်ချင်တော့တဲ့ စစ်အာဏာလုဓားပြ နေဝင်းဟာ အယောင်ပြ ပြည်တွင်းငြိမ်းချမ်းရေးကို အသုံးချဖို့ ၁၉၆၃ ခုနှစ်၊ ဇွန် ၁၁ ရက်မှာ တောတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပြန်ပါသေးတယ်။

တော်လှန်ရေးကောင်စီ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အပေါ် ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့ အလံနီကွန်မြူနစ်ပါတီ (ဗမာပြည်)၊ ဇွန် ၁၅ ရက်နေ့ KNU ပါတီ၊ ဇွန်  ၂၂ ရက်နေ့ ဗမာပြည်ကွန်နမြူနစ်ပါတီတို့ရဲ့  ပြန်ကြားချက်များ ထွက်ပေါ်လာခဲ့ပါတယ်။

၁၉၆၃ ခုနှစ် ဇူလိုင်လ ၃၀ ရက်မှာ ဗိုလ်ကျင်ဖေ၊ စောမျိုးသွေး ဦးဆောင်တဲ့ KNU ပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီနဲ့ တော်လှန်ရေးကောင်စီတို့ ဆွေးနွေးကြရာ တပြည်လုံးပစ်ခတ်မှုရပ်ဆိုင်းထားရန်ဆိုတဲ့ တောင်းဆိုချက်ကို စစ်အုပ်စုက တပြည်လုံး တိုက်ခိုက်ရပ်ဆိုင်းမှု မဖြစ်နိုင်ပြန်လည်ဖြေကြားခဲ့တယ်။

အလံနီပါတီ အတွင်းရေးမှူးချုပ် သခင်စိုးနဲ့စစ်အုပ်စုတို့ဟာလည်း ၁၉၆၃ ခုနှစ် ဩဂုတ်လ (၁၅-၁၆-၁၇) သုံးကြိမ်ဆွေးနွေးပြီးမှ စစ်အုပ်စုက အလံနီကွန်မြူနစ်ပါတီနဲ့ ဆွေးနွေးပွဲရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့တာမို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ခဲ့ရတယ်။

ဩဂုတ် ၂၈ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ပဏာမကိုယ်စားလှယ် ဗဟိုကော်မတီအတွင်းရေးမှူး ရဲဘော်ဌေး၊ ဗိုလ်ဇေယျ၊ ဗိုလ်ပု၊ ဗိုလ်စိုးမောင်၊ ရဲဘော်အောင်ကြီး၊ ရဲဘော်သက်တင် ရုံးအဖွဲ့ ရဲဘော်ခင်ကြီး၊ ရဲဘော်မင်းအောင်တို့နဲ့ စက်တင်ဘာ ၂  ရက်၊ စက်တင်ဘာ ၁၁ ရက်၊  ၁၃ ရက်၊  ၂၃ ရက်အထိ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တော်လှန်ရေးကောင်စီတို့ ပဏာမ ဆွေးနွေးမှုတွေမှာလည်း  တပြည်လုံး အပစ်ခတ်ရပ်စဲရေး မဖြစ်နိုင်ဘူးလို့ စစ်အုပ်စုဘက်က ငြင်းဆန်ခဲ့ကြပါတယ်။

အောက်တိုဘာ ၄ ရက်မှာ KNU ပါတီ ဥက္ကဋ္ဌ မန်းဘဇံ၊ စကောလယ်တော၊ KNU ပါတီအတွင်းရေးမှူး ဗိုလ်ကျင်ဖေ၊ KNU ပါတီပေါ်လစ်ဗျူရိုဝင် ဗိုလ်သန်းအောင်၊ KNU ပါတီဗဟိုကော်မတီဝင် နိုင်ဘလွင်(မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ)၊ စောမော်ရယ်(ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ)၊ ဗိုလ်စံလင်း ကရင်နီအမျိုး သားတိုးတက်ရေးပါတီ ဗဟိုကော်မတီဝင်တို့တော်လှန်ရေးကောင်စီဘက်မှ ဗိုလ်ချူပ်ကြီးနေဝင်း၊ ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးသောင်းတန်၊ ဒုဗိုလ်မှူးကြီးချစ်ခငတို့ စစ်အုပ်စုဘက်က တပြည်လုံးအပစ်ရပ်ဖို့ အလျော့မပေးဘဲ ဆွေးနွေးခဲ့ကြ‌ပြန်ပါတယ်။

အောက်တိုဘာ ၈ ရက် ပထမအကြိမ်၊ အောက်တိုဘာ ၁၀ ရက် ဒုတိယအကြိမ် စစ်အုပ်စုနဲ့ မဒညတတို့ ဆွေးနွေးကြရာလည်း အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) ဘက်က အပစ်အခတ်ရပ်စဲရေးအတွက် အချက် ၁၂ ချက် တင်ပြခဲ့ကြပြီး အောက်တိုဘာ ၁၅ ရက် တတိယအကြိမ်ဆွေးနွေးပွဲကို ကျင်းပရာမှာ စစ်အုပ်စုဘက်က စစ်ဓားပြဗိုလ်မှူးကြီးလှဟန် ပြန်ကြားရာမှာ တပြည်လုံး အပစ်အခတ်ရပ်စဲရေး မဖြစ်နိုင်ကြောင်းနဲ့ စစ်တပ်စခန်းတွေ ရုပ်သိမ်းရေးမဖြစ်နိုင်ကြောင်း ပြန်ကြားခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ ဆွေးနွေးပွဲမှာ စစ်အုပ်စုဟာ သူတို့ချမှတ်ထားတဲ့ စည်းကမ်းတွေကို မဒညတ က အပြည့်အဝ မလိုက်နာဘူးလို့ အကြောင်းပြပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၆ နာရီမှာ ငြိမ်း ချမ်းရေးဆွေးနွေးပွဲ ရပ်စဲလိုက်ကြောင်း တိုင်းပြည်ကို ကြေညာခဲ့ပါတယ်။ 

စစ်အခွင့်ထူးခံအုပ်စုဟာ ကချင်လွတ်လပ်ရေးကောင်စီနဲ့လည်း ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့၊ ရခိုင်ပြည်ကွန်မြူနစ်ပါတီနဲ့ နိုဝင်ဘာ ၁၈ ရက်နေ့တွေမှာ ငြိမ်းချမ်းရေဆွေးနွေးပွဲရပ်စဲကြောင်း ထုတ်ပြန်ကြေညာပြီး တိုင်းပြည်ကို မောင်ပိုင်စီးခဲ့ကြပါတော့တယ်။

အဲဒီနောက်တော့ စစ်အာဏာရှင်အဆက်ဆက် နေဝင်း၊ သန်းရွှေ၊ သိန်းစိန်၊ မင်းအောင်လှိုင်တို့အထိ နှစ်ပေါင်း‌ ၆၀ ကျော် စစ်နဲ့လုပ်စား ကြီးပွားချမ်းသာလာကြတာမို့ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ အပစ်ရပ်ဆွေးနွေးပွဲတွေကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေ လုံးဝလက်ခံလို့မရနိုင်တဲ့ တဖက်သတ်တောင်းဆိုချက်တွေဖြစ်တဲ့ လက်နက်စွန့်လွှတ်ဖို့၊ သူတို့လက်အောက်ခံ နယ်ခြားစောင့် ပြည်သူ့စစ်အသွင်ပြောင်းဖို့ စတဲ့ကြိုတင်သတ်မှတ်ချက်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတုတွေ ဖန်တီးလာခဲ့ကြတာ အခုဆို ဗုံးကြဲမပျက်ငြိမ်းချမ်းရေးအဆင့်ထိ ဆိုးသွမ်းယုတ်မာလာခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း အာဏာလုစစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုစစ်အုပ်ချုပ်ရေးမဆို တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်ဆောင်နိုင်ဘူးဆိုတာ  နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်က သက်သေပဲဆိုတာ သိနားလည်ဖို့ လိုအပ်တယ်လို့လည်း ဧပြီလ ၂၂ ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောခဲ့တာဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် နိုင်ငံနဲ့ပြည်သူကို ကောင်းကျိုးဘာတခုမှ မပေးနိုင်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်ဖျက်သိမ်းပစ်ရမဲ့ အပြောင်းအလဲဖြစ်လာဖို့ ဆိုရင် ကိုယ်ကျင့်သီလကောင်း ဦးစီးတဲ့ အသိတရားဉာဏ်ရည်လိုအပ်ပါတယ်။ နိုင်ငံနဲ့ပြည်သူပေါ် စေတနာမထားနိုင်တဲ့ ကိုယ်ကျင့်တရားနိမ့်ကျ အသိတရားဉာဏ်ရည်နိမ့်နေတဲ့ စစ်အာဏာရူးတွေ အုပ်စီးဦးဆောင်နေသရွေ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရနိုင်သလို ဘယ်လိုအပြောင်းအလဲမှ ဖြစ်ထွန်းလာဖို့ အခွင့်အလမ်းမရှိနိုင်တာကို သမိုင်းဖြစ်စဉ်တွေက ရှင်းရှင်းလင်းလင်းပြသခဲ့ကြပါပြီ။

နိုင်ငံသားအားလုံးသာ တူညီမျှအခွင့်အလမ်းတွေရမဲ့ တိုင်းရင်းသား အများပြည်သူအားလုံး မျှော်မှန်းကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်နိုင်ဖို့ဆိုတာ စစ်နဲ့လုပ်စားသူတို့ရဲ့ ဗုံးကြဲမပျက်ငြိမ်းချမ်းရေး၊ အယောင်ပြငြိမ်းချမ်းရေး၊ အတုအယောင်ငြိမ်းချမ်းရေး၊ ပြည်သူမပါဘဲ စစ်ထောက်ခံသူ၊ စစ်လက်ဝေခံတွေရဲ့ စစ်ကျွန်ငြိမ်းချမ်းရေးဆွေးနွေးပွဲအားလုံးကို ပြည်သူပြည်သားအားလုံးက တညီတညွှတ်တည်း ဝိုင်းဝန်းဆန့်ကျင်လို့ ပြတ်ပြတ်သားသား ရှင်းလင်းဖယ်ထုတ်ပစ်ရင်း ပါဝင်သင့်ပါဝင်ထိုက်သူတိုင်း၊ သက်ဆိုင်သူတိုင်း ပါဝင်နိုင်တဲ့ ပြည်သူအများစုကလက်ခံတဲ့ ရိုးသားတည်ကြည်ပွင့်လင်းမြင်သာတဲ့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်မှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024