
တောင်ကိုရီးယား ယာယီသမ္မတ အီဂျူဟိုဟာ မေ ၂ ရက်က အရေးပေါ် အမျိုးသားလုံခြုံရေးကောင်စီ (NSC) အစည်းအဝေးကို ကျင်းပခဲ့ပြီး အမျိုးသားလုံခြုံရေးကို အကာအကွယ်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
သောကြာနေ့က ပြုလုပ်တဲ့ လုံခြုံရေးအစည်းအဝေးမှာ ယာယီသမ္မတ အီဂျူဟိုက မြောက်ကိုရီးယားဘက်က လုပ်ဆောင်လာနိုင်တဲ့ တိုက်ခိုက်မှုအားလုံးအတွက် ပြင်ဆင်မှုမှာ အားနည်းချက် မရှိသင့်ဘူးလို့ ပြောသွားပါတယ်။
သံခင်းတမန်ခင်း၊ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနဲ့ စီးပွားရေးလုံခြုံမှု စသဖြင့် ဘယ်ကဏ္ဍမှာမှ ကွာဟချက်မရှိစေနဲ့လို့လည်း ဆိုပါတယ်။
ပညာရေးဝန်ကြီး အီဂျူဟိုဟာ အာရှတိုက်ရဲ့ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံမှာ တတိယမြောက် ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူလိုက်တာဖြစ်ပြီး မနှစ်က စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချက်ကြောင့် ဖြုတ်ချခံရတဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ အမေရိကန် စည်းကြပ်ခွန်တွေကြောင့် နိုင်ငံရေးနဲ့ စီးပွားရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလတွေမှာ တိုင်းပြည်ကို ထိန်းကျောင်းဖို့ ရုတ်တရက် တာဝန်ယူလိုက်ရတာပါ။
ယာယီသမ္မတအဖြစ် ထမ်းဆောင်ခဲ့တဲ့ ၀န်ကြီးချုပ် ဟန်ဒုခ်ဆူဟာ မကြာခင် ကျင်းပတော့မယ့် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မျှော်မှန်းထားပြီး မေ ၁ ရက်က ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
နိုင်ငံ့ခေါင်းဆောင်သစ် ရွေးချယ်မယ့် ဇွန် ၃ ရက် ရွေးကောက်ပွဲ မကျင်းပခင်မှာ ဥပဒေအရ ယာယီသမ္မတရာထူးကို ဘဏ္ဍာရေးဝန်ကြီး ချွဲဆန်းမော့က တာဝန်ယူ ထမ်းဆောင်ရမှာဖြစ်ပေမဲ့ ချွဲဆန်းမော့ဟာ ကြာသပတေးနေ့ ညသန်းခေါင်မတိုင်ခင်မှာ ရုတ်တရက် အလုပ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters