Home
နိုင်ငံတကာ
တောင်ကိုရီးယားယာယီသမ္မတ ဟန်ဒုခ်ဆူ ရာထူးက နုတ်ထွက်
DVB
·
May 2, 2025
Photo: Reuters

တောင်ကိုရီးယားနိုင်ငံရဲ့ ယာယီသမ္မတအဖြစ် တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် ဟန်ဒုခ်ဆူကို သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်လိမ့်မယ်လို့ အတော်များများ မျှော်လင့်နေကြချိန်မှာပဲ ကြာသပတေးနေ့က တိုင်းပြည်ကိုပြောကြားတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာ သူ ရာထူးကနေ နုတ်ထွက်မယ်လို့ ဟန်ဒုခ်ဆူက ကြေညာသွားပါတယ်။

တိုင်းပြည်အကျပ်အတည်း ကြုံနေချိန်မှာ တတ်နိုင်သမျှ လုပ်ဆောင်ဖို့နဲ့ လုပ်ကိုလုပ်ရမယ့် တာဝန်အနေနဲ့ ရာထူးနုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဟန်ဒုခ်ဆူက ပြောပါတယ်။

အစွန်းရောက်နိုင်ငံရေးကိုလည်း မစွန့်လွှတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်ကိုလည်း မတည်ဆောက်နိုင်ဘူးဆိုရင် ဘယ်သူပဲ အာဏာရရ သဘောထားကွဲလွဲမှုတွေ ထပ်ခါထပ်ခါ ဖြစ်နေလိမ့်မယ်လို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။

သူဟာ တောင်ကိုရီးယားနိုင်ငံအတွက် လက်ရှိအချိန်နဲ့ အနာဂတ်မှာ အဆုံးအထိ အကောင်းဆုံးဖြစ်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း အလေးပေး ပြောဆိုပါတယ်။

ဟန်ဒုခ်ဆူ နုတ်ထွက်သွားရင် ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ချွဲဆန်းမော့ခ်က ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

ဟန်ဒုခ်ဆူဟာ ဇွန်လ ၃ ရက်မှာ ကျင်းပမယ့် လျှပ်တပြက် သမ္မတရွေးကောက်ပွဲအတွက် သူ့ရဲ့အဆိုပြုလွှာကို သောကြာနေ့မှာ ကြေညာလိမ့်မယ်လို့ အများက ခန့်မှန်းထားကြပါတယ်။

တခဏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်ကြောင့် သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးကို ရာထူးကနေ ဖယ်ရှားလိုက်ပြီးနောက်မှာ ဝန်ကြီးချုပ် ဟန်ဒုခ်ဆူဟာ ကွန်ဆာဗေးတစ် မဲဆန္ဒရှင်တွေ လိုလားကြတဲ့ သမ္မတလောင်းတွေထဲက တယောက်ဖြစ်ပါတယ်။

မကြာသေးမီက စစ်တမ်းတခုအရ ဟန်ဒုခ်ဆူဟာ ထောက်ခံမှုနှုန်း ၁၃ ရာခိုင်နှုန်း ရရှိခဲ့ပြီး ကွန်ဆာဗေးတစ် ပြည်သူ့အာဏာပါတီ သမ္မတလောင်းတွေ ထောက်ခံမှု ရမှတ်တွေကို ကျော်လွန်သွားခဲ့ပါတယ်။

ဒါပေမဲ့ လူများစု လစ်ဘရယ် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း အီဂျယ်မြောင် ရရှိထားတဲ့ ထောက်ခံမှု ၄၂ ရာခိုင်နှုန်းထက်တော့ အများကြီး လျော့နည်းနေပါသေးတယ်။

ဒီရလဒ်ကလည်း တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ မဲဆန္ဒရှင် ၁,၀၀၀ ရဲ့ စစ်တမ်းအပေါ်မှာ အခြေခံထားတာဖြစ်ပြီး ၉၅ ရာခိုင်နှုန်း ယုံကြည်မှုအဆင့်မှာ အတိုးအလျော့ ၃ ဒသမ ၁ ရာခိုင်နှုန်းနဲ့ တွက်ချက်ထားတာဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024