
တောင်ကိုးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဒဲဂူမြို့မှာ တောမီးအများစုကို ဧပြီ ၂၉ ရက်မှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး ဒေသခံ ၁၂၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
တောင်ကိုးရီးယား မီးသတ်သမားတွေဟာ တောမီးလောင်ကျွမ်းမှုကို ထိန်းချုပ်ဖို့ ညလုံးပေါက် ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ သစ်တောဌာနက ပြောပါတယ်။
ဧပြီ ၂၈ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ တောမီး စတင်လောင်ကျွမ်းခဲ့ပြီး မီးမထိန်းနိုင်ခင်အထိ ခန့်မှန်းခြေ မြေဟက်တာပေါင်း ၂၆၀ လောက် ထိခိုက်သွားခဲ့ကြောင်း ယာယီမြို့တော်ဝန် ဂင်မ်ဂျုံဂီ က ပြောပါတယ်။
အင်္ဂါနေ့ မနက် ၈ နာရီအထိ အဲဒီဒေသရှိ တောမီးရဲ့ ၈၂ ရာခိုင်နှုန်း လောက်ကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်းနဲ့ စုစုပေါင်း မီးသတ်လိုင်း ၁၁ ကီလိုမီတာထဲက ၉ ကီလိုမီတာကို ငြှိမ်းသတ်နိုင်ခဲ့ပြီး ကျန်နေသေးတဲ့ မီးလိုင်းကတော့ ၂ ကီလိုမီတာဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။
ဆိုးလ်မြို့ အရှေ့တောင်ဘက် ၂၃၃ ကီလိုမီတာ အကွာရှိ ဒဲဂူ မြို့တဝိုက်ကို ရဟတ်ယာဉ် ၅၃ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၅၅၁ ယောက်တို့ကို တာဝန်ချထားပါတယ်။
ဒီနေ့မနက်မှာ ရဟတ်ယာဉ်တွေဟာ လူနေအိမ်ဧရိယာတဝိုက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးကူးစက်မှုကိုလည်း တားဆီးနိုင်ခဲ့ကြောင်းနဲ့ အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် သေဆုံးဒဏ်ရာရသူမရှိကြောင်း ယာယီမြို့တော်ဝန် ဂင်မ်ဂျုံဂီက ပြောပါတယ်။
တနင်္လာနေ့က ဘေးကင်းရေးဆိုင်ရာ ယာယီဝန်ကြီး ကိုကီဒေါင် ဟာ လောင်ကျွမ်းပျက်စီးသွားတဲ့နေရာကို သွားရောက် ကြည့်ရှုခဲ့ပြီး ကယ်ဆယ်ရေးစခန်းမှာ စေတနာ့ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
မတ်လတုန်းက တောင်ကိုးရီးယားနိုင်ငံဟာ အဆိုးရွားဆုံး သဘာဝဘေးဒဏ်ကို ခံစားခဲ့ရပြီး လူအယောက် ၃၀ နီးပါး သေဆုံးပြီး သမိုင်းဝင် ဘုရားကျောင်းတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။
Source: Reuters