
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ရဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ၂ ရက်တာ ထပ်မံဆွေးနွေးခဲ့တယ်လို့ မေလ ၂ ရက်နေ့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
PSLF ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီက ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေဟာ တရုတ်ပြည်၊ ကူမင်းမြို့မှာ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ ကိုယ်စားလှယ်တွေရဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ဒေသတွေဟာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့နယ်ထိကို TNLA တပ်ဖွဲ့တွေ အားလုံး ပြန်လည်ဆုတ်ခွဲပေးရမယ်ဆိုတဲ့ တောင်းဆိုချက်ကို PSLF ကိုယ်စားလှယ်တွေက သဘောမတူနိုင်တာကြောင့် နှစ်ဖက် အပြန်အလှန် ဆွေးနွေးမှုက အဆင့်မတက်နိုင်သေးပဲ နှစ်ဖက် အပစ်အခတ် ရပ်စဲနိုင်ဖို့အတွက် လာမယ့် ဩဂုတ်လမှာ ထပ်မံတွေ့ဆုံကြဖို့ သဘောတူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
လေကြောင်းက ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအားလုံး ရပ်တန့်ဖို့ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့၊ ဒေသတည်ငြိမ် အေးချမ်းဖို့နဲ့ ကိုးကန့်တပ်ဖွဲ MNDAA လိုမျိုး တဆင့်တိုး အပစ်ခတ်ရပ်စဲရေး ပြုလုပ်နိုင်ဖို့အတွက် တရုတ်နိုင်ငံ ကိုယ်စားလှယ် တိန့်ရှီကျွင်းက ကမကထလုပ်ပြီး နှစ်ဖက်တွေ့ဆုံမှုတွေအတွက် ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။