
စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကောင်စီနယ်မြေမှာ အင်အားပြင်း ငလျင်ဒဏ်သင့်ပြီး ပြိုကျတဲ့ အဆောက်အအုံ အပျက်အစီးတွေကို တနေ့ကျပ် ၇,၀၀၀ ပေးငှားပြီး ကိုယ်ထူကိုယ်ထ ရှင်းလင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ပြိုကျတဲ့ အဆောက်အအုံတွေကို အချိန်တလကျော်လာတဲ့အထိ သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေက မရှင်းလင်းပေးတဲ့အတွက် တနေ့ ကျပ် ၇,၀၀၀ ပေးပြီး လူငှားနဲ့ ရှင်းလင်းနေရတာလို့ ဆိုပါတယ်။
နေပြည်တော် ပျဉ်းမနာမြို့ခံတယောက်က “ရှင်းလင်းရေးလုပ်ငန်းတောင် ပီပီပြင်ပြင်မလုပ်နိုင်တာ တွေ့ရတယ်။ နေပြည်တော်မှာ အဆောက်အအုံ တော်တော်များများ ဒီနေ့အထိ မရှင်းလင်းနိုင်သေးဘူး။ မဖြစ်မနေ ရှင်းလင်းရမယ့်သူတွေ၊ ငွေကြေးတတ်နိုင်သူတွေကတော့ ငွေနဲ့ငှားရှင်းနေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက နေပြည်တော်မှာတောင် ငလျင်ဒဏ်ထိ ဒေသခံတွေကို အပျက်အစီးတွေ ရှင်းလင်းဖို့ နေအိမ်တွေပြန်ဆောက်ဖို့ ငွေ၊ စက်ယန္တရားတွေ ကူညီထောက်ပံ့တာ အားနည်းပြီး လွှတ်တော်အဆောက်အအုံတွေ၊ စစ်ဘက်ရေးရာရုံးတွေကို ပြန်လည်တည်ဆောက်ပြုပြင်ဖို့ အရေးပေါ်လုပ်နေတာလို့ ဆိုပါတယ်။
ပျဉ်းမနားဒေသခံတယောက်က “ကိုယ်တွေလည်း ငလျင်ဒဏ်ခံရတယ်၊ အလုပ်ကမရှိဘူး၊ စားရေး သောက်ရေးအတွက် လိုတာပေါ့။ အခု ရှင်းလင်းရေးအတွက် အလုပ်ငှားတော့ လုပ်နေရတယ်။ မနက် ၈ နာရီ ကျော်ကျော်ကနေ ညနေ ၄ နာရီကျော်ကျော်အထိ ရှင်းလင်းပေးရတာ ငွေရတယ်” လို့ ပြောပါတယ်။
နေပြည်တော်မှာ ငလျင်လှုပ်ခတ်ပြီး အချိန်တပတ်ကျော်ကျော်အထိ အစားအသောက် ပစ္စည်းတွေနဲ့ ငွေသားအနည်းအငယ် လာရောက်လှူဒါန်းတဲ့ အရပ်ဘက် ပရဟိတအဖွဲ့တွေ ရှိခဲ့ပြီး လက်ရှိ လာရောက်လှူဒါန်းသူမရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အရင်က နေပြည်တော်မှာ လေဘေး၊ မီးဘေး၊ ရေဘေး ဖြစ်ပွားပါက စစ်ကောင်စီတပ်က ကူညီရှင်းလင်း၊ ပြောင်းရွှေ့တာတွေ လုပ်ပေးခဲ့တာ ရှိခဲ့ပေမဲ့ အင်အားပြင်း ငလျင်ကြောင့် လူပေါင်းများစွာ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ၊ ပျောက်ဆုံး၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားချိန်မှာ အရင်လို ကူညီတာ မတွေ့ရဘူးလို့ ဆိုပါတယ်။