မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း(ဗဟို)အဖွဲ့ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးစိန်ဝင်းကို စစ်ခေါင်းဆောင်က အနားပေးပြီး အငြိမ်းစားဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကို အစားထိုး ခန့်လိုက်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ဗဟိုစစ်မှုထမ်းဟောင်းအဖွဲ့မှာ ၃ ရက်ဆက်တိုက် အစည်းအဝေးလုပ်ပြီးနောက် အငြိမ်းစားဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကို ခန့်ခဲ့တာလို့ စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ညီလာခံအတွက် ဥက္ကဋ္ဌ နေရာရွေးတာ ၃ ရက်လောက် ကြာတယ်။ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ဥက္ကဋ္ဌနေရာအတွက် လိုက်စည်းရုံးသေးတယ်၊ မရဘူး။ တပ်ချုပ်က ဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကို ခန့်လိုက်တာ။”
မနေ့က စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ ၂၀၂၅ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမျိုးသားညီလာခံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “စစ်မှုထမ်းဟောင်းအဖွဲ့တွေဟာ အငြိမ်းစားအရာရှိ၊ စစ်သည်တွေ ဖြစ်တာကြောင့် လုပ်ရသမျှ တပ်ပုံရိပ် ထိခိုက်မှာဖြစ်လို့ သတိထားလုပ်ကိုင်ဖို့” ပြောဆိုခဲ့ပါတယ်။
အငြိမ်းစားဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကို စစ်ခေါင်းဆောင်က စစ်ဘက်မှာ ရှိနေစဥ် ကာကွယ်ရေးဦးစီးချုပ်(လေ) ရာထူးအပြင် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးပါ တွဲဖက်ပေးဖူးတယ်လို့ လေတပ်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“၂၀၁၅ တုန်းက အနာဂတ်တပ်ချုပ် ဆိုပြီး သတင်းတွေထွက်တယ်။ အဲဒီတုန်းက ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့် ထင်ကြေးပေးတာ၊ သူနဲ့ခေတ်ပြိုင်က ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ အဲဒီလိုဖြစ်နေတဲ့အချိန် သူ့ကို တပ်ချုပ်က ညှိကွပ်ရာထူး ထပ်ပေးတာ၊ ပြောရရင် တပ်ချုပ်က သူ့လူ သူထားချင်တဲ့ပုံစံ။”
ဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကို ဥက္ကဋ္ဌအဖြစ် ခန့်လိုက်တာနဲ့ ပတ်သက်ပြီး စစ်ဆင်ရေးကိစ္စတွေမှ စစ်ပြန်စစ်မှုထမ်းတွေကိုပါ စစ်ကောင်စီက အသုံးပြုလာနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။
စစ်ခေါင်းဆောင်က ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ၂၁ ဖွဲ့နဲ့ မြို့နယ်အဆင့် စစ်မှုထမ်းဟောင်းအဖွဲ့ ၃၀၈ ဖွဲ့ ဖွဲ့စည်းထားပြီး မိမိတို့ဟာ တပ်မတော်ရဲ့ အရန်အင်အားအဖြစ် သတ်မှတ်ရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။