
ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ မအူပင်ကျေးရွာ ကျောက်ထုအကျော် ဘွမ်ကထောင်မှာ မေ ၁ ရက် မနက်အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က သိရပါတယ်။
ကားမိုင်းကျေးရွာအကျော် မအူပင်ကျေးရွာမှာ ၅ ရက်လောက်အထိ KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ကြား စစ်အင်အား ၅၀၀ ဝန်းကျင်ခန့်ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မအူပင်ကျေးရွာ ကျောက်ထုအကျော် ဘွမ်ကထောင်ကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “ဖားကန့်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းထဲက ဖားကန့် - ကားမိုင်းလမ်းကနေ တက်လာတဲ့ စစ်ကြောင်းကို အူပင်ကျေးရွာ ပိတ်ဆို့ တိုက်ခိုက်နေတဲ့ကြားက ဖြစ်တာ။ အင်အား ၅၀၀ လောက်ရှိတယ်။ မအူပင် ကျောက်ထုအကျော်က ဘွမ်ကထောင်မှာ ဒီမနက် အစောကတည်းက ကျွန်တော်တို့ သွားတိုက်တာ။ မနေ့က တော့ လေကြောင်းမလာဘူး။ အဲ့ရှေ့က ၃ရက် လေကြောင်းကနေ လာတယ်”လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် ဖားကန့် - ကားမိုင်းသွား လမ်းကို ပိတ်ထားတာလည်း တစ်ပတ်ကြာ ရှိလာပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ဖားကန့်သွားလမ်းပေါ်က လဝါးကျေးရွာထဲ ဘုရားကျောင်းဝင်းထဲတပ်စွဲနေထိုင်နေတဲ့ မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့လည်း ဒီကနေ့မှာ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေဟာ ကားမိုင်းလမ်းနဲ့ အင်းတော်ကြီးဒေသ ဂွေခါလမ်းနှစ်ခုကနေ ဖားကန့်ဒေသဘက်ကိုဦးတည်ပြီး စစ်အင်အား တစ်ထောင်ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
စစ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက် ဖားကန့်လမ်း တလျှောက်မှာ ဧပြီ ၂၅ ရက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်ပွားနေသလို နေ့တိုင်းလိုလို နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ။
တိုက်ပွဲတွေကြောင့် ဖားကန့်လမ်းမတလျှောက်မှာရှိတဲ့ နန့်ယား၊ ဆိုင်းဖရာ၊ ကပ်မှော်၊ တံတားညီနောင်၊ ပျားအုံ စတဲ့ ကျေးရွာနေ ဒေသခံပြည်သူတွေက ဧပြီ ၂၅ ရက် နောက်ပိုင်း ဖားကန့်မြို့ပေါ်မှာ စစ်ဘေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။