
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဂွေးကုန်းရွာအနီးမှာ ဧပြီ ၂၉ ရက် မနက် ၆ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲဖြစ်ပြီး သေနတ်ပစ်တဲ့ အသံတွေ ကြားနေရတယ်။ အဲဒီလို တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က အထိနာတယ်ဆိုရင် လေယာဉ်နဲ့ လာပစ်မှာ ကြောက်ရတယ်။ သူတို့ အထိနာတယ်ဆိုရင် စစ်တပ်က ရွာသားတွေ ဘာတွေ မခွဲခြားတော့ဘူး၊ အကုန်လုံး ဗုံးကြဲတာတွေ လုပ်တယ်။ အဲဒါကြောင့် လွတ်ရာကို ယာယီရှောင်တိမ်းနေရတယ်။ ဘာတွေ ဖြစ်လာမလဲတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ စစ်ကောင်စီတပ်တွေဟာ ဂွေးကုန်းရွာအနီးမှာ နေ့စဉ်လိုလို စစ်ဆေးရေးဂိတ်ပြုလုပ်ပြီး ခရီးသွားပြည်သူတွေဆီက ဆက်ကြေးကောက်ခံတဲ့ အဖွဲ့ဖြစ်လို့လည်း သိရပါတယ်။
တိုက်ပွဲဦးဆောင်သူ ကိုငယ်လေးက “ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တဲ့ကောင်တွေက ကာဘိုးကျေးရွာ ပျူစောထီးစခန်းက ပျူစောထီးအဖွဲ့ ဖြစ်ပါတယ်ဗျ။ ဒီကောင်တွေက ဂွေးကုန်းကျေးရွာရဲ့ မြောက်ဘက်ကနေ နေ့စဥ်လိုလို ခရီးသွားတွေကို ဆက်ကြေးကောက်ဖို့ လာတာကို ကျနော်တို့ ကြိုတင်ပြင်ဆင်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့ ဆိုင်ကယ် ၂ စီးနဲ့ အင်အား ၄ ကောင်ပါတယ်။ အဲဒါကို တိုက်ခိုက်ခဲ့တာပါ” ပြောပါတယ်။
တိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့ပြီးတော့ G3 သေနတ်တလက်၊ ကာဘိုင် သေနတ်တလက်၊ ၁၂၅ ဆိုင်ကယ်တစီး၊ ဖုန်းတလုံး၊ စက်သွယ်ရေး စကားပြောစက် တလုံး၊ G3 ကျည်ဘောက် ၃ ခု၊ ကာဘိုင်ကျည်ဘောက် ၁ ခု၊ ၇.၆၂ ကျည် ၂၄ တောင့်၊ ကာဘိုင်ကျည် ၁၄ တောင့်၊ လေးခွတလက်၊ Tiger ပုလင်း ၂ လုံးတို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အခုတိုက်ပွဲကို ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ ကိုငယ်လေး ဦးဆောင်ပြီး ဒေသခံတော်လှန်ရေး မဟာမိတ် အင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။