
ရှမ်းပြည်နယ်နဲ့ ကရင်နီနယ်စပ်မှာရှိတဲ့ မိုးဗြဲမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲမှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၁ တပ်ရင်း၊ ကျွဲချိုတပ်ခွဲ က ရဲဘော်တယောက် ကျဆုံးခဲ့ရတယ်လို့ ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အသက် ၂၉ နှစ်အရွယ် ရဲဘော်မောင်ကျော်ရှိန်က ဧပြီ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ မိုးဗြဲရှေ့တန်း တိုက်ပွဲတနေရာမှာ ကျဆုံးခဲ့ရပြီး ဈာပနအခမ်းအနားကို ၂၈ ရက်နေ့မှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျွဲချို တပ်ခွဲတာဝန်ရှိသူက “သူက တိုက်ခိုက်ရေးရဲဘော်တယောက်၊ သူက လက်နက်ကြီးကြောင့် ကျသွားတာ ရှေ့တန်းမှာပဲ တခါတည်း ကျသွားတယ်၊ ဆေးရုံမှာ မဟုတ်ဘူး။ တိုက်ပွဲပြင်းတဲ့ ၄ လတာ ကာလအတွင်း ကျနော်တို့ရဲဘော် ၃ ယောက် ကျဆုံးခဲ့ရတယ်” လို့ ပြောပါတယ်။
မ်ိုးဗြဲမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲ ၄ လ ကျော်ဖြစ်ပွားနေပြီး ကျွဲချိုတပ်ခွဲက ကားလည်း ပျက်စီးခဲ့ရတဲ့အတွက် ကားတစီး လိုအပ်နေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးကာလ ၄ နှစ်ကျော်မှာ ကျွဲချိုတပ်ခွဲက ရဲဘော် ၁၀ ယောက်အထိ စစ်ကောင်စီတပ်ကို ခုခံတော်လှန်ရင်း ကျဆုံးခဲ့ရပြီး ကျန်ရှိနေတဲ့ ရဲဘော်တွေက ထိုးစစ် ခံစစ်တိုင်းကို ကြံ့ကြံ့ခံတော်လှန်သွားမယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေလို့ တပ်ရင်းအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ အသုံးပြုဖို့ ကားတစီး လိုအပ်နေတာကြောင့် ပြည်သူတွေက ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။