Home
မြန်မာသတင်း
TNLA အုပ်ချုပ်ဒေသတွင်  မိုင်းနှင့် လက်နက်ကြီးကျည်ကြောင့် လူ ၁ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ 
DVB
·
May 1, 2025

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တပ်ဖွဲ့တွေ အုပ်ချုပ်နေတဲ့ မြို့နယ်တွေမှာ ဧပြီလအတွင်း မီး ၈ ကြိမ် လောင်ခဲ့ပြီး မိုင်းနဲ့ မ‌ပေါက်ကွဲသေးတဲ့ လက်နက်ကြီးကြောင့် ၁ ယောက် သေဆုံး၊ ကလေးငယ်အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၁၆ ရက်က သီပေါမြို့နယ်၊ တုံစင့်ကျေးရွာမှာ အသက် ၅ဝ အရွယ် ဦးထွန်းထွန်းဟာ စစ်ကောင်စီရဲ့ ခလရ ၂၃ တပ်စခန်းဟောင်းမှာ ငှက်သွားပစ်ရာကနေ မိုင်းကို နင်းမိပြီး ခြေတဖက် ဆုံးရှုံးသွားခဲ့ပါတယ်။

မိုင်းယော်မြို့နယ်၊ မန်ကန်ကျေးရွာမှာလည်း ဧပြီ ၁၈ ရက်က မိသားစုဝင် ၂ ယောက်ဟာ နွား ကိုလိုက်ရှာနေတုန်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တလုံးကို ကောက်ယူဆော့ရာကနေ ပေါက်ကွဲလို့ အသက် ၄၅ နှစ်အရွယ် ဖခင်ဟာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အရွယ် သားဖြစ်သူကတော့ ဒဏ်ရာရသွားပါတယ်။

ဧပြီ ၂ဝ ရက်ကလည်း နမ့်ဆန်မြို့နယ်၊ လုံတောက်ကျေးရွာမှာ အသက် ၈ နှစ်အရွယ် မောင်ကြယ်စင်နဲ့ အသက် ၅ နှစ်အရွယ် မသီရိရတနာထွန်းတို့ဟာ အဖေနဲ့အတူ ရေချိုးပြီး အပြန်လမ်းမှာ လက်ပစ်ဗုံးတလုံးကို ကောက်ယူဆော့မိလို့ ပေါက်ကွဲပြီး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ TNLA က ထုတ်ပြန်ဖော်ပြထားပါတယ်။ 

ဧပြီလအတွင်းမှာပဲ နမ္မတူမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ မိုးမိတ်မြို့နယ်နဲ့ မိုင်းဝီးမြို့နယ်တို့မှာ မီးလောင်လို့ ကျပ်သိန်း ၅၆၀ ကျော်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

နမ္မတူမြို့နယ်မှာ တောမီးကတဆင့် အိမ်တလုံးနဲ့ ဆန်စပါးတွေ ကူးစက်လောင်ကျွမ်းခဲ့ပြီး  ကွတ်ခိုင်မြို့၊ ရပ်ကွက် ၅ မှာတော့ ဆိုလာပြာမီးကတဆင့် ဝါယာကြိုး‌ရှော့ခ်ဖြစ်လို့ အိမ်တလုံး လောင်ကျွမ်းတာလို့ ထုတ်ပြန်ပါတယ်။

ကွတ်ခိုင်မြို့နယ်၊ ဟိုကျန့်ရွာနဲ့ မိုင်းဝီးမြို့နယ်၊ မန်းပူးရွာတို့မှာတော့ မွှေးထားတဲ့မီးကနေ အိမ် ၃ လုံး လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

နမ့်ခမ်းမြို့နယ်၊ ကွန်လုံရွာမှာ လျှပ်စစ်မီးနဲ့  ရေနွေးကရားအိုး တည်ထားရာကနေ ပေါက်ကွဲ လောင်ကျွမ်းခဲ့ပြီး မိုးမိတ်မြို့၊ လက်ခုတ်တန်းရပ်ကွက်မှာ ဘက်ထရီကနေ အပူလွန်ပြီး မီးလောင်တာလို့ ဆိုပါတယ်။

ကျောက်မဲမြို့နယ်၊ တံခွန်တိုင်ကျေးရွာ အမှိုက်တွေ မီးရှို့ရာကနေ အိမ်တလုံး မီးလောင်ခဲ့ပြီး သီပေါမြို့၊ အုတ်ကျင်းရပ်ကွက်၊ မဟာမြတ်မုနိဘုန်းကြီးကျောင်းက ကျောင်းဆောင်တခုမှာ သာမဏေတွေ ဘုရားရှိခိုးချိန် ထွန်းခဲ့တဲ့ ဖယောင်းတိုင်တွေကနေ မီးလောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024