
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။
စစ်ကောင်စီဟာ MNDAA နဲ့ အပစ်ရပ်ပြီး လားရှိုးမှာ ပြန်အထိုင်ချထားနိုင်တဲ့နောက်မှာတော့ ရှမ်းမြောက်က နောက်ထပ် အင်အားစုတခုဖြစ်တဲ့ TNLA ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာပါ။
လက်ရှိမှာတော့ TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး TNLA တပ်တွေ အထိုင်ချထားတဲ့ နောင်လင်ဘက်ကမှာ တိုက်ပွဲပြင်းထန်နေသလို ဒီနေ့မှာဆိုရင်လည်း အုမ္မသီးဘက်က တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတစ်ယောက် ပြောပါတယ်။
“နောင်လင်မှာလည်း တိုက်ပွဲရှိတယ်။ အဲဒီဘက်ကမှာ TNLA ဘက်က အထိုင်ချထားတာ။ ဒီနေ့တော့ အုမ္မသီးဘက်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်။ လက်နက်ကြီးသံတွေလည်း ဆက်တိုက်ကြားရတယ်။ တိုက်ပွဲက တော်တော်ပြင်းတဲ့ပုံပဲ။”
ရှမ်းမြောက်မှာရှိတဲ့ အဓိက အင်အားတွေဖြစ်တဲ့ MNDAA နဲ့ TNLA ၂ ဖွဲ့ထဲက MNDAA နဲ့ အပစ်ရပ်ထားနိုင်တာကြောင့် စစ်ကောင်စီအတွက် အဓိက ထိုးစစ်ဆင်ဖို့အတွက် TNLA တဖွဲ့ပဲ ကျန်တဲ့အခြေအနေက စိုးရိမ်စရာအနေအထားလို့ စစ်ရေးလေ့လာသူဖြစ်တဲ့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
လက်ရှိမှာတော့ အုမ္မးသီးဘက်ကို စစ်ကူအင်အားတွေ ဖြည့်ထားသလို ဧပြီ ၂၈ ရက်မှာလည်း ပြင်ဦးလွင်ဘက်ကနေ စစ်ကူအင်အားတွေ ထပ်ပို့တာရှိတာကြောင့် စစ်ကူအင်အား ၁၀၀ ဝန်းကျင်အထိ ထပ်ပြီးရောက်နိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂ ၄ ခုနှစ် ဇွန်လထဲမှာ TNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
သဘာဝဘေးကြောင့် စစ်ကောင်စီဘက်က ဧပြီလကုန်အထိ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ထက်အောင်