
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညင်ဒိုင်းကျေးရွာအား စစ်တပ်က ဧပြီ ၂၈ ရက် မနက် ၁၀ နာရီလောက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံး ကြဲချခဲ့တာကြောင့် ဗုံးစထိမှန်ပြီး အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသားတယောက် သေဆုံးခဲ့တာလို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“တိုက်ပွဲဖြစ်ထားတာလည်း မရှိဘူး၊ တမင်ဗုံးလာကြဲသွားတာ။ ရွာသားတွေလည်း ဗုံးကြဲမယ်လို့ မထင်ဘူး၊ ထွက်လည်း မပြေးကြဘူး၊ ၄ လုံးစလုံး ရွာထဲကျတာ။ အဲဒီမှာ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသားတယောက်က ပွဲခြင်းပြီးဆုံးသွားတယ်၊ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။”
ကညင်ဒိုင်းကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ ၁၀၀၀ကျော်နေထိုင်ကြပြီး အခုလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
“ရွာသားတွေလည်း ရွာထဲဗုံးကြဲပြီး ဆိုမှ အကုန်ထွက်ပြေးကြရတာ၊ ခုထိမပြန်ရဲသေးဘူး။ လေယာဉ်ကတော့ တခါတည်း လာကြဲပြီး ပြန်သွားတာ၊ ပြန်လာမှာကြောက်နေရတယ်။”
လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဖြူးမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေေ အခုရက်ပိုင်းအတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က အထိနာနေတာကြောင့် တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာလို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။