
ပဲခူးတိုင်း၊ မင်းလှမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၈ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တာဝန်ခံက ပြောပါတယ်။
“မနက် ၅ နာရီလောက်မှာ အင်အား ၇၀ နဲ့ ၈၀ လောက်ပါတဲ့ တပ်စစ်ကြောင်းက ဆားချောင်းရွာကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ပြီး ငမိုးရိပ်ရွာကို ဝင်လာတယ်။ ငမိုးရိပ်ရွာကနေ ဇရစ်မြောင်ရွာဘက်ကို စစ်ကြောင်းဆက်ထိုးလာတဲ့ မနက် ၇ နာရီခွဲလောက်မှာ အဲဒီဘက်က တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။”
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးသလို ဒဏ်ရာရရှိသူတွေ ထွက်ပြေးသွားကြကာ လက်နက်ငယ် ၁၁ လက်၊ ကွန်မန်ဒိုပြောင်းတို ၁ လက်အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အဆိုပါတိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီတပ်ဘက်က Mi 35 ရဟတ်ယာဥ် ၁ စီး၊ ဂျက်ဖိုက်တာလေယာဥ် ၂ စီးတို့အပြင် မြေပြင်စစ်ကူတွေလည်း ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း စစ်ရေးတာဝန်ခံက “မြေပြင်တိုက်ပွဲက ၂ နာရီဝန်းကျင်လောက် ကြာခဲ့တယ်ဗျ။ သူတို့ဘက်က လေကြောင်းပစ်ကူတွေနဲ့ မြေပြင်စစ်ကူတွေ အလွန်အကျွံသုံးပြီးတော့ ခံတိုက်တာတောင် ပထမ စစ်ကြောင်းမှာ ပါတဲ့သူတွေနဲ့ စစ်ကူလာတဲ့ကောင်တွေ ၁၂၀ လောက် ပြန်ဆုတ်ပြေးပြီး ထောက်ကြန့်ရွာဘက်က ဘုန်ကြီးကျောင်းမှာ အထိုင်ချနေတယ်လို့ သိရတယ်ဗျ။ မင်းလှနယ်ထဲမှာ လက်ရှိ စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲပါပဲ” DVB ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်သုံ့ပန်း ၁ ယောက် အရှင်ဖမ်းမိထားသလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်လည်း မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ ၂၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ရဲ့ တပ်ရင်းတွေဖြစ်ကြတဲ့ ၃၇၀၁၊ ၃၈၀၁၊ ၃၈၀၂၊ ၃၈၀၃ တို့နဲ့အတူ မဟာမိတ်တပ်ဖွဲ ACDF (Asho Chin Defense Force) လည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။