
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေအနီးကို စစ်တပ်က ဧပြီ ၂၇ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကျောင်းဆိပ်ရွာမှာရှိတဲ့ မဟာဝေယံဘုံသာဘုန်းကြီးကျောင်း မြောက်ဘက်နားနဲ့ စဥ့်ကူးမြို့ပေါ်က အ.ထ.က စာသင်ကျောင်း အရှေ့ဘက်နားကို မိနစ်ပိုင်းပဲခြားပြီး ဗုံးကြဲသွားတာလို့ ကင်းထောက် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ (စဥ့်ကူး) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ စဥ့်ကူးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုသံမဏိ က ပြောပါတယ်။
“ဘုန်းကြီးကျောင်းဆောင် ၂ ဆောင်နဲ့ လူနေအိမ် ၃ လုံးတော့ ပျက်စီးသွားခဲ့တယ်။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ပြည်သူကိုပစ်မှတ်ထားပြီး အကြောင်းမဲ့ဗုံးကြဲနေတာဟာ ပြည်သူတွေကို တော်လှန်ရေးမှာ မပါဝင်အောင်၊ မကူညီအောင်၊ အားမပေးအောင် အကြောက်တရားတွေ ပေးနေတာလို့ ယူဆတယ်။ သူတို့ဘယ်လောက်ပဲ ပြည်သူကို လက်နက်နဲ့ခြိမ်းခြောက်ပါစေ ပြည်သူတွေက နားလည်သဘောပေါက်ပြီးသားပါ။”
အခုနောက်ပိုင်းမှာ လေကြောင်းရန်သတိပေးချက်တွေကို ပြည်သူတွေအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့နဲ့ ဗုံးခိုကျင်းတွေ စီစဥ်ဆောင်ရွက်ထားလို့ အခုတိုက်ခိုက်မှုမှာ ပြည်သူထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။
ဧပြီ ၂၀ ရက် ညပိုင်းမှာလည်း စစ်ကောင်စီတပ်က စဉ့်ကူးမြို့အဝင်တံတားဝန်းကျင်ကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
စဥ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်၊ နှစ်အလယ်ပိုင်းမှာ သိမ်းပိုက်ရရှိပြီး နောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေလို့ လူစုလူဝေးတွေမပြုလုပ်ကြဖို့နဲ့ လေကြောင်းအန္တရာယ် အထူးသတိထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။