
ဂရင်းလန်းကျွန်းအရေးက ရုရှားနဲ့ မဆိုင်ဘူးလို့ သမ္မတ ပူတင်က အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက် အကြီးဆုံးမြို့ဖြစ်တဲ့ မွန်းမာ့ခ်ကို ရောက်တဲ့အချိန် ပြောကြားလိုက်ပါတယ်။
အဲဒီမှာ ပူတင်က အာတိတ်မှာ ရုရှားရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုကို အားကောင်းစေဖို့ သန္နိဋ္ဌာန် ချထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပထဝီနိုင်ငံရေးနဲ့ပတ်သက်တဲ့ ဒေသတွင်းယှဉ်ပြိုင်မှုတွေလည်း ပိုပြီး ပြင်းထန်လာတယ်လို့ ပူတင်က သတိပေးထားပါတယ်။
ပူတင်က ဥပမာအနေနဲ့ ဒေါ်နယ်ထရမ့်ပ်က ဂရင်းလန်းကျွန်းကို ရဖို့ ကြိုးစားနေတာကို ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ပူတင်က ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ ထရမ့်ပ်ကို ဝေဖန်ခဲ့တာမျိုးတော့ မရှိပါဘူး။
ပူတင်က “အတိုချုပ်ပြောရရင် အမေရိကန်ရဲ့ ဂရင်းလန်ကျွန်းရယူရေး အစီအစဉ်က အလေးအနက် ထားရမယ့် ကိစ္စပါ။ ဒီအစီအစဉ်က သမိုင်းကြောင်းမှာကတည်းက ရှိပြီးသားပါ။ အမေရိကန်က အာတိတ်ဒေသမှာ ပထဝီနည်းဗျူဟာ၊ စစ်ရေး-နိုင်ငံရေးနဲ့ စီးပွားတွေကို လွှမ်းမိုးဖို့ စနစ်တကျ ပြုလုပ်နေပါတယ်။ ဂရင်းလန်အရေးကိစ္စက နိုင်ငံ ၂ နိုင်ငံရဲ့ ကိစ္စပါ။ ကျနော်တို့နဲ့ မပတ်သက်ပါဘူး” လို့ ပြောပါတယ်။
ရုရှားနဲ့ အမေရိကန်တို့ဟာ သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တုန်းက အပြန်အလှန် အပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြဖူးပါတယ်။
ဒါပေမဲ့ လက်ရှိ ၂ နိုင်ငံ ဆက်ဆံရေး ပြောင်းလဲနေပြီး ရုရှားက အမေရိကန်နဲ့ ပူးပေါင်းပြီး အာတိတ်ဒေသမှာ သဘာဝသယံဇာတတွေ ထုတ်ယူဖို့ အစီအစဉ်ရှိနေပါတယ်။
ဒါ့အပြင် ပူတင်က ယူကရိန်းနိုင်ငံက ယာယီအုပ်ချုပ်ရေးနဲ့ ရွေးကောက်ပွဲအသစ်ခေါ်ရမှာ ဖြစ်ကြောင်းနဲ့ ဒီလို ရွေးကောက်ပွဲအသစ် ပြုလုပ်တာက စစ်ပွဲအတွက် သဘောတူညီမှုရဖို့ အဓိကအချက် ဖြစ်တယ်လို့ ဆိုပါတယ်။
ပူတင်က မြောက်ကိုရီးယားနိုင်ငံနဲ့ ပူးပေါင်းပြီးလည်း ပြဿနာတွေကို အတူဖြေရှင်းသွားမယ်လို့ ပြောပါတယ်။
Source : Reuters