
ယူကရိန်းစစ်ပွဲ အစောပိုင်းလတွေအတွင်း မာရီအူပယ်မြို့ ကာကွယ်ရေးကို ဦးဆောင်ခဲ့တဲ့ ယူကရိန်းစစ်တပ် အာဇော့ဗ် တပ်ရင်းက အဖွဲ့ဝင် ၁၂ ယောက်ကို ရုရှားစစ်ခုံရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
“အကြမ်းဖက်လုပ်ရပ်” နဲ့ “အာဏာကို အကြမ်းပတမ်း သိမ်းပိုက်ထိန်းသိမ်းခြင်း” ဆိုတဲ့ စွဲချက်တွေ တင်ထားတဲ့ တရားခံတွေကို ထောင်ဒဏ် ၁၃ နှစ်ကနေ ၂၃ နှစ်အထိ ချမှတ်ခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။ ဒီစီရင်ချက်အပေါ် ယူကရိန်းက ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။
ရုရှားနိုင်ငံအတွင်း ပိတ်ပင်ထားတဲ့ အာဇော့ဗ် တပ်ရင်းဟာ ရုရှားရဲ့ ဒေါသတကြီး အထူးအာရုံစိုက်တာ ခံထားရပြီး ရုရှားကို မုန်းတဲ့ နာဇီလက်သစ် တယူသန်အုပ်စုတွေအဖြစ် ရုရှားအစိုးရက မကြာခဏ သတ်မှတ်ပေးထားပါတယ်။
အာဇော့ဗ်တပ်ရင်းကို အကြမ်းဖက်အဖွဲ့အဖြစ် ရုရှားရဲ့ ဖော်ပြချက်ကို ယူကရိန်းက ပယ်ချထားပါတယ်။
ဒီတပ်ရင်းကို သဘောထားတင်းမာတဲ့ အမျိုးသားရေးဝါဒီ အန်ဒရေ ဘီလက်စကီက တည်ထောင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ နိုင်ငံရေးကနေ ခွဲထွက်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်ကစပြီး ယူကရိန်းအမျိုးသားအစောင့်တပ်ဖွဲ့အဖြစ် ပူးပေါင်းခဲ့ပြီး အစွန်းရောက် အမျိုးသားရေးဝါဒီတွေရဲ့ မူလဇာစ်မြစ်ကနေ ပြုပြင်ပြောင်းလဲခဲ့ပြီးတဲ့နောက် ခုတော့ နိုင်ငံရေးနဲ့ မသက်ဆိုင်တော့ဘူးလို့ ယူကရိန်းအစိုးရက ပြောပါတယ်။
ယူကရိန်းနိုင်ငံသား အများအပြားအတွက် အာဇော့ဗ် တိုက်ခိုက်ရေးသမားတွေဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ မေလအတွင်း ရုရှားက ဆိပ်ကမ်းမြို့ကို ဝိုင်းထားချိန်မှာ မာရီအူပယ်မြို့ရဲ့ အပျက်အစီးတွေကြားမှာ မြို့ကို ဖက်တွယ်ထားတဲ့ အမျိုးသားတော်လှန်ရေးစိတ်ဓာတ်ကို ကိုယ်စားပြုတဲ့ သူရဲကောင်းတွေပါ။
မြို့ရဲ့ အာဇော့ဗ်စတယ် သံမဏိစက်ရုံတွေအောက်က ကျယ်ပြန့်တဲ့ ကတုတ်ကျင်း ကွန်ရက်အတွင်း ခိုလှုံနေရာကနေ လွတ်မြောက်လာသူ ၂,၅၀၀ နီးပါးဟာ နောက်ဆုံးမှာ လက်နက်ချခဲ့တယ်လို့ ရုရှားက ပြောပါတယ်။
သူတို့ကို နိုင်ငံတကာစံနှုန်းတွေအတိုင်း ဆက်ဆံမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အာမခံထားတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ပြောပါတယ်။
အာဇော့ဗ်အဖွဲ့ဝင် ၁၄၅ ယောက်ကို အခုလ အစောပိုင်းမှာ ရုရှားတရားရုံးတွေက ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ရုရှား နိုင်ငံတော်စုံစမ်းစစ်ဆေးရေးကော်မတီ အကြီးအကဲက ဗုဒ္ဓဟူးနေ့က စီရင်ချက်မချမီ ပြောခဲ့ပါတယ်။
Source : Reuters