
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မကြာမီ သေဆုံးသွားလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မတ် ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
ပြင်သစ်မြို့တော် ပါရီမှာလုပ်တဲ့ ရုပ်မြင်သံကြား အင်တာဗျူးတခုအတွင်း ခုလိုပြောလိုက်တာ ဖြစ်ပြီး ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူတာတွေ မရုပ်သိမ်းဖို့ကိုလည်း မဟာမိတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
ပူတင်ကြောက်တဲ့ တခုတည်းသော အရာက သူ့ပြည်သူတွေပဲ၊ သူ့လူ့အဖွဲ့အစည်း မတည်ငြိမ်မှာကို သူကြောက်တာလို့ ဇလန်းစကီးက ပြောပါတယ်။
“တကယ်လို့ ကျနော်တို့ မဟာမိတ်တွေ အားလုံးက ပူတင်အပေါ် ဖိအားဆက်ပေးနေရင် သူ့ လူ့အဖွဲ့အစည်း မတည်မငြိမ် ဖြစ်လာလိမ့်မယ်။ ဒါက သူကြောက်တဲ့အရာပဲ” လို့ ဇလန်းစကီးက ပြောပါတယ်။
ဒုတိယအချက်က ပူတင်ဟာ အာဏာဆုံးရှုံးရမှာကို ကြောက်တယ်၊ ဒါက သူ့လူ့အဖွဲ့အစည်း တည်ငြိမ်မှုနဲ့ သူ့အသက်အရွယ်တို့အပေါ် မူတည်နေတယ်။ သူ မကြာခင် သေတော့မယ်ဆိုတာ အမှန်တရားပဲလို့ ဇလန်းစကီးက ဆက်ပြောပါတယ်။
ဇလန်းစကီးဟာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ တွေ့အပြီး ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးမှာ ရုရှားအပေါ် အမေရိကန်က ဖိအားပေးဖို့ လုံလောက်တဲ့ စွမ်းအားရှိတယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောခဲ့ပါတယ်။
အစောပိုင်းမှာ ရုရှားအစိုးရဟာ အမေရိကန်အစိုးရက ကြားဝင်ပေးတဲ့ ပင်လယ်နက်ထဲက တိုက်ခိုက်မှုတွေကို ရပ်တန့်ရေး အခြေအနေ သတ်မှတ်ချက်တွေကို ရှေ့တန်းတင်ခဲ့ပါတယ်။
Source : Reuters