
ပါကစ္စတန် အနောက်မြောက်ပိုင်းက ဗလီတစ်ခုအတွင်း ပေါက်ကွဲမှုကြောင့် အပျက်အစီးတွေ ပြန့်ကျဲနေတာကို မတ် ၁၄ ရက် ရိုက်ကူးခဲ့တဲ့ ရုပ်သံထဲမှာ တွေ့ရပါတယ်။
အစ္စလာမ္မစ်ပါတီခေါင်းဆောင်တယောက်နဲ့ ကလေးငယ်တွေအပါအဝင် ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဂျေမီယတ် အူလေမာ အစ်လာမ် ဖှေဇယ် နိုင်ငံရေး ပါတီ (JUI-F) ရဲ့ ဒေသခံ ခေါင်းဆောင် အဗ်ဒူလာ နာဒင်းမ်က ပေါက်ကွဲမှုရဲ့ ပစ်မှတ်လို့ ယူဆရပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံတင်ထားရတယ်လို့ တောင်ပိုင်း ဝါဇီရစ္စတန် ခရိုင်ရဲမှူး အာဆစ်ဖ် ဘာဟာဒါက ပြောပါတယ်။
ပေါက်ကွဲမှုရဲ့ နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ချက်ချင်း မသိရသေးဘူးလို့ ဆိုပါတယ်။
မကြာသေးမီလတွေအတွင်း အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့လက အာဖဂန် တာလီဘန်တွေအတွက် သမိုင်းဝင်လေ့ကျင့်ရေးကွင်းလို့ လူသိများတဲ့ ပါကစ္စတန်အနောက်မြောက်ပိုင်းက အစ္စလာမ္မစ်စာသင်ကျောင်းတခုမှာ သောကြာနေ့ဝတ်ပြု ဆုတောင်းပွဲအတွင်း အသေခံဗုံးခွဲသူ ခြောက်ဦး သေဆုံးခဲ့ပါတယ်။
အခုသီတင်းပတ်အတွင်း အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်မှာ ခွဲထွက်ရေး စစ်သွေးကြွတွေက ရထားတစီးကို ပြန်ပေးဆွဲခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တရက်ကြာ ထိပ်တိုက်တွေ့ခဲ့ပြီး ခရီးသည်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။
ပါကစ္စတန်ဟာ တိုးပွားလာတဲ့ စစ်သွေးကြွတွေကို နှိမ်နင်းဖို့ ကတိပြုထားပြီးပါပြီ။ စစ်သွေးကြွတွေဟာ အိမ်နီးချင်း အာဖဂန်နစ္စတန်မှာ လုံခြုံတဲ့ ခိုလှုံရာနေရာကို ရှာဖွေနေတယ်လို့ ပါကစ္စတန် အစိုးရက ပြောဆိုထားပြီး အာဏာရ အာဖဂန် တာလီဘန်တို့က ပါကစ္စတန်ရဲ့ စွဲချက်ကို ငြင်းဆိုထားပါတယ်။
Source: Reuters