
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်ရှိ ဘိုလန်တောင်ကြားမှာ မတ် ၁၁ ရက်က BLA ခွဲထွက်ရေး စစ်သွေးကြွတွေရဲ့ ပြန်ပေးဆွဲခံခဲ့ရတဲ့ ဂျက်ဖာ အမြန်ရထားမှ ဓားစာခံ ၁၀၄ ယောက်ကို ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့တွေက ကယ်တင်နိုင်ခဲ့ပါတယ်။
ခရီးသည် ၄၀၀ လောက် လိုက်ပါလာတဲ့ ဂျက်ဖာ အမြန်ရထားဟာ မတ် ၁၁ ရက်က တိုက်ခိုက်ခံရချိန်မှာ ဘာလိုချီစတန်ပြည်နယ်ရှိ ကူအက်တာမြို့တော်ကနေ ခိုက်ဘာပက်ရှ်တွန်ခွာ ပြည်နယ်ရှိ ပက်ရှာဝါမြို့ကို မောင်းနှင်နေခဲ့တာဖြစ်ကြောင်း မီးရထားအရာရှိတွေက ပြောပါတယ်။
စစ်သွေးကြွ ခွဲထွက်ရေးအဖွဲ့ဖြစ်တဲ့ ဘာလို့ချ် လွတ်မြောက်ရေးတပ်မတော် (BLA) က ဘာလိုချီစတန်ပြည်နယ်က ဘိုလန်တောင်ကြားမှာ ရထားလမ်းကို ဖောက်ခွဲထားပြီး ဂျက်ဖာ အမြန်ရထားကို တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
အကြမ်းဖက်သမားတွေဟာ ရထားဥမင်လိုဏ်ခေါင်းအတွင်းမှာ ရထားကို အတင်းအကျပ် ရပ်တန့်ခိုင်းပြီး ခရီးသည်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပါတယ်။
စစ်ရေးအရ စစ်ဆင်ရေးတွေကို မရပ်တန့်ရင် ဓားစာခံတွေကို ကွပ်မျက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး စစ်ရေးလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်နေရင် လူ ၁၀ ယောက်ကို ကွပ်မျက်ပြီးတော့ တုံ့ပြန်ပြမယ်လို့ ဆိုပါတယ်။
BLA စစ်သွေးကြွတွေဟာ ၄၈ နာရီအတွင်း နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားလို့ ပျောက်ဆုံးနေသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အန္တရာယ်များတဲ့ တန်ပြန်စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။
ဥမင်လိုဏ်ခေါင်းတဝိုက်မှာ ပေါက်ကွဲသံတွေ ကြားရပြီးတော့ စစ်သွေးကြွတွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုအပြီးမှာ ရထားဟာ ဥမင်လိုဏ်ခေါင်းအတွင်း တိုက်ခိုက်မှုတွေအကြား ပိတ်မိနေခဲ့ပြီး ရထားမောင်းသူလည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ မီးရထားတာဝန်ရှိသူတွေက ပြောပါတယ်။
စစ်သွေးကြွ ၁၆ ယောက် သေဆုံးခဲ့ပြီးတော့ ဓားစာခံ ၁၀၄ ယောက်၊ အမျိုးသား ၅၈ ယောက်၊ အမျိုးသမီး ၃၁ ယောက်နဲ့ ကလေးငယ် ၁၅ ယောက်တို့ကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။
BLA စစ်သွေးကြွတွေဟာ အဖွဲ့တွေခွဲပြီး တောင်ကြားတွေထဲ ထွက်ပြေး လွတ်မြောက်သွားပါတယ်။
သူတို့ဟာ တိုက်ခိုက်မှုအတွင်း ပါကစ္စတန်စစ်သား အယောက် ၂၀ လောက်ကို သတ်ဖြတ်နိုင်ခဲ့ပြီး ဒရုန်းတစီးကို ပစ်ချခဲ့ကြောင်း BLA စစ်သွေးကြွအဖွဲ့က ပြောဆိုပါတယ်။
မတ် ၁၂ ရက်မှာ ဘာလိုချီစတန်ပြည်နယ် မြို့တော် ကူအက်တာကို တချို့ဓားစာခံတွေ ဘေးကင်းကင်း ပြန်လွတ်လာကြတယ်လို့ ရဲတပ်ဖွဲ့နဲ့ သောင်းကျန်းသူတွေက ပြောပါတယ်။
ဒဏ်ရာရခရီးသည် ၁၇ ယောက်ကို နီးစပ်ရာဆေးရုံတွေမှာ အမြန်ပို့ဆောင်ကုသပေးခဲ့ပါတယ်။
လွတ်မြောက်လာတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုးတွေဟာ ကူအက်တာ မီးရထားဘူတာမှာ လာရောက်စုဝေး စောင့်မျှော်နေကြပြီး တခြားသူတွေကတော့ ပျောက်ဆုံးနေဆဲသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အသည်းအသန် ရှာဖွေနေကြပါတယ်။
ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး မိုဆင်န် နာ့က်ဗီက အဲဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး အပြစ်မဲ့ခရီးသည်တွေကို သတ်ဖြတ်တဲ့ သားရဲတိရစ္ဆာန်ကောင်တွေကို အစိုးရက လိုက်လျောပေးမှာ မဟုတ်ဘူးလို့ ပြောကြားပါတယ်။
ဘာလိုချီစတန်အစိုးရဟာ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ်အစီအမံတွေ ချမှတ်ထားကြောင်းလည်း ဆိုပါတယ်။
Source : Reuters