
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မတ် ၄ ရက်က အသေခံဗုံးခွဲမှုတခုကြောင့် လုံခြုံရေးစခန်းတခု ထိခိုက်ပျက်စီးသွားပြီး အရပ်သား ၉ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် လူ ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပြီး အဲဒီအရေအတွက်ထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တယောက်မှ ထိခိုက်သေဆုံးမှု မပါဝင်ကြောင်း ဘန်နု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ဇီယာအူဒင်က ပြောကြားခဲ့ပါတယ်။
အရွယ်မရောက်သေးသူတွေ အပါအဝင် ဒဏ်ရာရသူ အများအပြားကို ဘန်နုမြို့ရှိ ဆေးရုံ ခေါ်ဆောင်သွားကြောင်း သိရပါတယ်။
ဆေးဖက်ညွှန်ကြားရေးမှူး၊ ဒေါက်တာ မိုဟာမက် အစ်ဂ်ဘယ်လ်က “ဆေးရုံမှာ သေဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရသူ ၁၂ ဦးကို လက်ခံထားပြီး ဒဏ်ရာရသူတွေဟာ စိုးရိမ်စရာ အခြေအနေ မရှိတဲ့အပြင် အသက်အန္တရာယ်လည်း မရှိကြောင်း သိရတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ နောက်ထပ် ဒဏ်ရာရတဲ့သူတွေလည်း ရောက်လာကြတယ်လို့ ဆိုပါတယ်။ ဒီပေါက်ကွဲမှုဟာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ယာဉ်တစီးကြောင့် ဖြစ်နိုင်တယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ ပေါက်ကွဲမှုရဲ့ နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ချက်ချင်း မသိရသေးပါဘူး။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ခိုက်ဘာပက်ရှ်တွန်ခွာ ပြည်နယ်ရဲ့ ဝန်ကြီးချုပ် အလီ အာမင် ဂန်ဒါပူရ်က ဒီဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အကြီးတန်း ရဲအရာရှိတွေဆီက အစီရင်ခံစာကို တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောနှစ်တွေအတွင်းမှာ အာဖဂန်နယ်စပ်အနီးရှိ ပါကစ္စတန် ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို ပါကစ္စတန် တာလီဘန် (TTP) အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
Source : Reuters