Home
မြန်မာသတင်း
ရန်ကုန်နှင့် မန္တလေးက ရွှေကုန်သည် ၁၀ ယောက်ကို ထောင်ဒဏ် ၆ လစီချမှတ်
DVB
·
July 11, 2025
Photo :Reuters

သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချတယ်ဆိုပြီး ရန်ကုန်နဲ့ မန္တလေးမြို့က ရွှေကုန်သည် ၁၀ ယောက်ကို ထောင်ဒဏ် ၆ လစီ ချမှတ်ပြီး သက်သေခံပစ္စည်းတွေကို ပြည်သူပိုင်အဖြစ် သိမ်းယူလိုက်တယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကနေ သိရပါတယ်။

ရန်ကုန်မြို့က ရွှေကုန်သည် ၃ ယောက်နဲ့ မန္တလေးမြို့က ရွှေကုန်သည် ၇ ယောက်ကို ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တာဖြစ်ပြီး သတ္တုတွင်း ဥပဒေအသစ်ဖြစ်တဲ့ အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ - ၅၊ ရာဇသတ်ကြီးပုဒ်မ - ၁၀၉ နဲ့ အရေးယူ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

YGEA တာဝန်ရှိသူတယောက်က “အသင်းက သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးကို ကျော်လွန်ရောင်းချတယ်။ ဈေးကစားတာတွေကြောင့် ပြီးခဲ့တဲ့လက ခေါ်ယူစစ်ဆေး မေးမြန်းခဲ့တာပေါ့။ စစ်ဆေးမေးမြန်းတဲ့အခါမှာ သက်သေနဲ့တကွ ထင်ရှားတဲ့အတွက် အခုလို အရေးယူ ဆောင်ရွက်တာပါ။ ဇူလိုင် ၃ ရက်က အမိန့်ချလိုက်တာ။ ရွှေဆိုင်တွေအကုန်လုံး သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ရွှေစျေးကွက်အတွင်း ဈေးကစားသူတွေ၊ လေပတ်ကား ရောင်းချသူတွေကြောင့် ရွှေနဲ့ ဒေါ်လာဈေး မြင့်တက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီး အရေးယူတာ၊ ဖမ်းဝရမ်းထုတ်တာတွေ လုပ်ဆောင်နေသလို ရွှေဆိုင်တွေကိုလည်း အသွင်ယူ စစ်ဆေးမှုတွေ ဇွန်လတည်းက ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးကလည်း တကျပ်သား သိန်း ၈၀ ကျော်အထိ စံချိန်တင် မြင့်တက်လာတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024