မကွေးတိုင်းမှာ ယောကာကွယ်ရေးတပ် (YDF) က ဇူလိုင် ပထမအပတ်က စစ်ဘေးရှောင်ပြည်သူတွေကို ဆန်နဲ့ မိုးကာတွေ သွားရောက်ကူညီပေးခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကြောင့် ပြောင်းရွှေ့နေထိုင်ရသူ စစ်ဘေးရှောင်မိသားစု ၃၀ ကို သွားရောက်ကူညီခဲ့တာလို့ YDF တာဝန်ရှိသူက ပြောပါတယ်။
“အဆင်ပြေ လုံခြုံတဲ့နေရာမျိုးမှာ အစုလိုက် ရှောင်ပုန်းနေကြရတာမျိုးလည်း ရှိသလို တချို့လည်း စစ်ကောင်စီ လက်လှမ်းမမီတဲ့ ရွာတွေမှာ ဒေသခံ ရွာသူရွာသားတွေ အာမခံချက်နဲ့ ရှောင်နေကြရတာမျိုးလည်း ရှိပါတယ်။”
ဒါ့အပြင် ယောကာကွယ်ရေးတပ်အနေနဲ့ ယောနယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေရဲ့ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့အပြင် စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် စစ်ရေးဖော်ဆောင်မှု၊ စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ယောနယ်အတွင်းက ဒေသခံပြည်သူတွေ အနေနဲ့လည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်နိုင်အောင် ပူးပေါင်းပါဝင်ပေးဖို့အတွက် တိုက်တွန်းထားတဲ့အပြင် အချင်းချင်း ကူညီစောင့်ရှောက်ဖို့နဲ့ တော်လှန်ရေးကာလအတွင်း ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲရှိရင်လည်း ယောကာကွယ်ရေးတပ်ထံ အကူအညီ တောင်းခံနိုင်တယ်လို့ ပြောထားပါတယ်။