
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ကျေးရွာတွေကနေ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေရဲ့ ကြံခင်းတွေနဲ့ ပြောင်းခင်းတွေကို စစ်ကောင်စီတပ်သားတွေက ခုတ်ယူရောင်းချနေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
ဒေသခံတယောက်က “ရေဝင်၊ အုမ္မသီး၊ ကံ့ကော် အဲဒီဘက်က ရွာတွေနဲ့ အနီးတဝိုက်က ကြံခင်းတွေနဲ့ ပြောင်းခင်းတွေကို စစ်တပ်ကခုတ်ပြီး ရောင်းစားနေတယ်။ ကြံဆို စက်ရုံကိုရောင်းတယ်။ ပြောင်းဆို ပွဲစားတွေကနေတဆင့် ရောင်းစားတယ်။ ဘန့်ဘွေးရွာဆိုရင် အိမ်တံခါးပိတ်တွေပါမကျန်ဘူး၊ အကုန်ဖြုတ်ရောင်းစားတယ်” လို့ ပြောပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ နောင်ချိုမြို့ကိုဆက်သွယ်ထားတဲ့ လမ်းပိုင်းဘက်က ရေဝင်၊ သရက်ကုန်၊ အုမ္မသီး၊ ကံ့ကော်၊ ညောင်ပင်သာ၊ ညောင်ထောက်၊ ဘန့်ဘွေးနဲ့ ငါးပင်တို့မှာ စစ်ကောင်စီတပ်က ရွာထဲမှာစခန်းချထားပြီ စစ်အင်အားတွေလည်း ထပ်ဖြည့်နေတာပါ။
နောက်ထပ်ဖြည့်လာတဲ့ စစ်အင်အားတွေဟာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစုဆောင်းထားတဲ့ တပ်သားတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “စစ်တပ်က အင်အားကို ကားတွေနဲ့ထပ်ထပ်ဖြည့်နေတယ်။ နောင်ချိုကို အရတိုက်မယ်လို့လည်း ပြောနေကြတယ်။ စစ်တပ်က ဗိုလ်လောက်ပဲပါတယ်။ လူသစ်တွေ ကြည့်ရတာ ခိုးဆိုးလုနှိုက် ဆေးသမားနဲ့ အရက်သမားတွေပဲ များတယ်။ လူပုံစံတွေကြည့်လိုက်ရင် စုတ်ပြတ်သတ်နေတာပဲ” လို့ ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ဦးစီးဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၂၀၂၄ ဇွန်လပိုင်းကစတင်ပြီး နောင်ချိုမြို့ကို PSLF/TNLA တအာင်းတပ်၊ DPLF/DPLA ဓနုတပ်နဲ့ တော်လှန်ရေးအင်အားစုတွေက လက်ရှိအချိန်ထိ ထိန်းချုပ်ထားပါတယ်။
ဒါ့အပြင် SSPP/SSA ရှမ်းတပ်ဟာလည်း ကျေးရွာအများစုမှာ လွန်ခဲ့တဲ့ နှစ်ဆယ်ချီကတည်းက အခြေချစိုးမိုးထားတာပါ။
စစ်ကောင်စီတပ်ဟာ လက်လွှတ်လိုက်ရတဲ့ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ၂၀၂၅ နှစ်စပိုင်းကတည်းက လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးပစ်ကူ အဆမတန်ယူပြီး မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဘက်ကနေ မြေပြင်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေလို့ TNLA တအာင်းတပ်၊ DPLA ဓနုတပ်နဲ့ PDF တပ်တွေက ခုခံတွန်းလှန်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
တိုက်ပွဲတွေကြောင့် နောင်ချိုမြို့ပေါ်ရပ်ကွက်တွေက ပြည်သူတွေနဲ့ ကျေးရွာတွေမှာနေထိုင်ကြတဲ့ ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေကြရပြီး စစ်ရှောင်ထေင်သောင်းချီတဲ့ စစ်ရှောင်အများစုမှာ စားနပ်ရိက္ခာပြတ်လပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။