
ယူကရိန်းမြို့တော်ကိယက်ဗ်မှာ ဇူလိုင် ၁၀ ရက် အစောပိုင်းက ရုရှားဒရုန်းတွေနဲ့ ဒုံးကျည်တွေ ကျရောက်ခဲ့ရာမှာ အရာရှိ ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရရှိကာ လူနေတိုက်ခန်းတွေနဲ့ လူနေထိုင်ခြင်းမရှိတဲ့ အဆောက်အအုံတွေမှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းစစ်ဘက်အုပ်ချုပ်ရေးအကြီးအကဲ တိုင်မူရ်တက်ချန်ကိုက “လူနေအိမ်တွေ မော်တော်ယာဉ်တွေ၊ ဂိုဒေါင်တွေ၊ ရုံးခန်းတွေနဲ့ လူမနေတဲ့ အဆောက်အအုံတွေ မီးလောင်နေပါတယ်” လို့ တယ်လီဂရမ်မှာ ပြောပါတယ်။
ဝါရှင်တန်ဟာ စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းနိုင်ငံကို လက်နက်တွေ ပြန်လည်ပေးပို့နေချိန်မှာပဲ ရုရှားဟာ စစ်ပွဲရဲ့ အန္တရာယ်ကြီးတဲ့ အခိုက်အတန့်မှာ ယူကရိန်း လေကြောင်းကာကွယ်ရေးကို အထိနာအောင် ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ရာနဲ့ချီ ပစ်လွှတ်ခဲ့တဲ့ အခုနောက်ဆုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုလည်း ဖြစ်တာကြောင့် လူထောင်ပေါင်းများစွာဟာ ဗုံးခိုကျင်းတွေကို ညတွင်းချင်း ရှာဖွေခိုလှုံခဲ့ရပါတယ်။ တိုက်ခိုက်မှု အတိုင်းအတာကို ချက်ချင်းမရှင်းလင်းခဲ့ပါဘူး။
ရုရှားဟာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို အဓိက ပစ်မှတ်ထားပြီး ဒုံးကျည် ၁၈ စင်းနဲ့ ဒရုန်း ၄၀၀ လောက်ကို ပစ်လွှတ်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
ရုရှားဟာ သူ့ရဲ့အိမ်နီးချင်းနိုင်ငံကို ပစ်မှတ်ထားပြီး ညလုံးပေါက် စံချိန်တင် ဒရုန်းအရေအတွက်ကို ပစ်လွှတ်ခဲ့ပြီး နောက်တရက်မှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မော်စကိုက မှတ်ချက်မပေးခဲ့ပါဘူး။
ကြာသပတေးနေ့က ကိယက်ဗ်မြို့ကို ရုရှားရဲ့ တိုက်ခိုက်မှုက မြို့ကို ဖောက်ခွဲမှုတွေနဲ့ တုန်လှုပ်သွားစေတယ်လို့ ရိုက်တာရဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မြို့တော်ရဲ့ ခရိုင် ၁၀ ခုထဲက ၆ ခုမှာ ပျက်စီးဆုံးရှုံးမှုတွေရှိကြောင်း ကိယက်ဗ် တာဝန်ရှိသူတွေက ပြောပါတယ်။
မျက်မြင်သက်သေ ဗီဒီယိုတွေမှာတော့ ဇူလိုင် ၉ ရက် ညပိုင်းက ယူကရိန်းမြို့တော် ကိယက်ဗ်ကို ရုရှားက တိုက်ခိုက်နေတဲ့ အခိုက်အတန့်ကို ပြသခဲ့ပါတယ်။
ရုရှားဟာ ဗုဒ္ဓဟူးနေ့က ယူကရိန်းကို စံချိန်တင် ဒရုန်း ၇၂၈ စင်းကို လွှတ်တင် တိုက်ခိုက်ခဲ့တယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဇုန်နဲ့ ပိုနီးတဲ့ ယူကရိန်းနိုင်ငံ အရှေ့ဘက်ခြမ်းက ကော့စ်တန်း တိနိဗ်ကာမြို့မှာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃ ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသား အရေးပေါ် ဝန်ဆောင်မှုဌာနက ပြောပါတယ်။
Source: Reuters